International News

၂၀၂၄ ခုနှစ် ပထမလပတ်တွင် ရင်းနှီးမြှုပ်နှံမှုစီမံချက်အသစ်အဆိုပြုလွှာများ ၃၁ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့

Last Updated:

၂၀၂၄ ခုနှစ် ပထမလပတ်အတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ်အဆိုပြုလွှာတန်ဖိုးသည် ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဘတ် ၂၂၈ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အမြင့်ဆုံးဖြစ်ကြေဗဈာင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ထုတ်ပြန်ထားပါသည်။

ရင်းနှီးမြှုပ်နှံမှု တန်ဖိုးများအနေဖြင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် ကဏ္ဍအတွက် ဘတ် ၇၇.၁ ဘီလီယံ၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများအတွက် ဘတ် ၂၁.၃ ဘီလီယံ၊ ရေနံဓာတုနှင့် ဓာတု ပစ္စည်းများအတွက် ဘတ် ၁၇.၆ ဘီလီယံ၊ ဒီဂျစ်တယ် နည်းပညာအတွက် ဘတ် ၁၇.၄ ဘီလီယံနှင့် စိုက်ပျိုးရေးနှင့် အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများအတွက် ဘတ် ၁၃.၂ ဘီလီယံဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခံစားခွင့်များအတွက် လျှောက်လွှာ အသစ် ၇၂၄ ခုရှိခဲ့ကြောင်း၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံအပါအဝင် နေရာသစ်များသို့ ရွှေ့ပြောင်းလာ ကြသောကြောင့် ဖြစ်သည့်အပြင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များကို ထိုင်းနိုင်ငံတွင်  ရင်းနှီး မြှုပ်နှံလာစေရန် တွန်းအားပေးသည့် အစိုးရ၏ ပြည်ပတွင် ကျင်းပခဲ့သော Roadshow များကြောင့်လည်း ဖြစ်ကြောင်း ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က သုံးသပ်ပြောကြားပါသည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် ၄၆၀ ခုရှိပြီး တန်ဖိုး အားဖြင့် ဘတ် ၁၆၉ ဘီလီယံဖြစ်ပါကြောင်း၊ စင်ကာပူသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၄၂.၅ ဘီလီယံဖြင့် နံပါတ် ၁ နေရာတွင် ရပ်တည်လျက်ရှိပြီး တရုတ်သည် ဘတ် ၃၄.၇ ဘီလီယံဖြင့် နံပါတ် ၂၊ ဟောင်ကောင်သည် ဘတ် ၂၆.၆ ဘီလီယံဖြင့် နံပါတ် ၃၊ ထိုင်ဝမ်သည် ဘတ် ၂၀ ဘီလီယံဖြင့် နံပါတ် ၄ နှင့် ဩစတြေးလျသည် ဘတ် ၁၇.၂ ဘီလီယံဖြင့် နံပါတ် ၅ တို့ဖြစ်ပါကြောင်း၊ စမတ်ကျပြီး စဉ်ဆက်မပြတ်သော စက်မှုလုပ်ငန်းများအတွက် လျှောက်လွှာ ၁၀၅ ခုရှိပြီး ဘတ် ၅.၇၁ ဘီလီယံ ဖြစ်ကြောင်း ဘုတ်အဖွဲ့ကထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံသူ အများစုသည် စွမ်းအင်ထိန်းသိမ်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံလိုကြပြီး အခြားသူများမှာ ယန္တရားအဆင့်မြှင့်တင်ခြင်းနှင့် စက်ရုံများတွင် ရွေ့ လျားစနစ်များအတွက် စိတ်ပါဝင်စားကြပါကြောင်း၊ ပထမလပတ်အတွင်း ဘတ် ၂၅၅ ဘီလီယံ တန်ဖိုး ရှိသော စီမံကိန်း ၇၈၅ ခုကို ခွင့်ပြုခဲ့ပါကြောင်း၊ ယင်းစီမံကိန်းများကြောင့် ပို့ကုန်တန်ဖိုးကို ဘတ် ၆၀၀ ဘီလီယံ နှစ်စဉ်တိုးတက်စေနိုင်မည်ဖြစ်ပြီး ပြည်တွင်း၌ သုံးစွဲသည့် ကုန်ကြမ်းတန်ဖိုးတွင်လည်း ဘတ် ၂၄၀ ဘီလီယံတွင် ပါဝင်လာစေမည်ဖြစ်ကြောင်း၊ စီမံကိန်းများကြောင့် အလုပ်အကိုင် ၅၀,၀၀၀ ကို ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News