Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ပုစွန်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ပုစွန်အစုံ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဒေါ်ခင်ခင်က ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်ရှိ ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များသည် ဒေသမှထွက်ရှိသည့် ပုစွန်များဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် မတ်လအတွင်းက ပုစွန်အစုံပိဿာချိန် ၇၀၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ပုစွန်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပုစွန်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပုစွန်တွေအပါအဝင် ရေထွက်ကုန်တွေ ကုန်ချိန်အများအပြား တင်ပို့ရောင်းချနေရတာကြောင့် ရေထွက်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေလဲ အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာပါတယ်။ လပွတ္တာမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲ ရေထွက်ကုန်ပစ္စည်းတွေကို ကုန်တင်ကာတွေနဲ့ အများဆုံးတင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချရတာလဲ အခက်အခဲမရှိပါဘူး” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ခင်ခင်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်များ၏ တစ်ပိဿာဈေးနှုန်းမှာ ပုစွန်ဘော့ချိတ် ငွေကျပ် ၁၆၅၀၀ မှ ၁၈၅၀၀၊ ပုစွန်ဆိတ်သေး ငွေကျပ် ၁၃၅၀၀ မှ ၁၅၅၀၀၊ ပုစွန်ဆိတ်ကြီး ငွေကျပ် ၁၅၅၀၀ မှ ၁၆၅၀၀၊ ပုစွန်တုပ် ငွေကျပ် ၂၉၅၀၀ မှ ၃၂၀၀၀ စသဖြင့် လတ်ဆတ်မှုအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်လည်းရှိကြောင်း ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဒေါ်ခင်ခင်ထဲမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News