International News

သင်္ဘောတင်ပို့ခများမြင့်တက်လာမှုကြောင့် ဒုတိယ ၃ လပတ်အတွင်း ပို့ကုန်အပေါ် ထိခိုက်လာမည်ကို Thai National Shippers’ Council (TNSC) က စိုးရိမ်ပူပန်လျက်ရှိ

Last Updated:

သင်္ဘောတင်ပို့ခများ မြင့်တက်လာမှုကြောင့် ဒုတိယ ၃ လပတ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်အပေါ် ထိခိုက်လာမည်ကို Thai National Shippers’ Council က စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရပါ သည်။

ကုန်ကျစရိတ်မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးနိုင်ရေးအတွက် ထိုင်းကုန်သည်ကြီးများ အသင်း၊ ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်နှင့် TNSC တို့ပါဝင်သော  စီးပွားရေးဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိ က ပူးတွဲအကြံပေးအဖွဲ့သို့ အဆိုပြုတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ပင်လယ်နီတင်းမာမှုများ ပြန်လည် ပေါ်ပေါက်လာသဖြင့် ၁ လအတွင်း သင်္ဘောတင်ပို့ခနှုန်းထားများသည် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင် နှုန်းထိ မြင့်တက်လာခဲ့ပါကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များ၏ မှန်းထားချက်အတိုင်း ပို့ကုန်မတင်ပို့နိုင် မည်ကို စိုးရိမ်သောကြောင့် အခြေအနေအပေါ် နည်းလမ်းရှာဖွေပေးရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားပါကြောင်း၊ ဧပြီလအတွင်း ပို့ကုန်သည် ၆.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ဆန်၊ ရာဘာ၊ တိရစ္ဆာန်အစားအစာ၊ စက်မှုထုတ်ကုန်များတင်ပို့မှုနှင့် ဘတ်ငွေ အားနည်းနေမှုတို့ကြောင့် တင်ပို့မှုတွင် အကျိုးကျေးဇူးများ ရရှိပါကြောင်း ကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

အဓိက ပို့ကုန်ဈေးကွက်များဖြစ်သည့် အမေရိကန်၊ အိန္ဒိယနှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ တင်ပို့မှုတွင်လည်း တိုးတက်မှုရှိပါကြောင်း၊ ဒုတိယ ၃ လပတ်တွင်မူ အဓိက ကုန်သွယ်ရေး မိတ်ဖက် များ၏ စီးပွားရေးကျဆင်းလာခဲ့ပြီး ထိုင်းထုတ်ကုန်များ၏ ထုတ်လုပ်မှုကွင်းဆက်ဖြစ်သော  တရုတ်နိုင်ငံ ၏ စီးပွားရေးကျဆင်းလာမှုသည် အရေးပါသော အချက်များဖြစ်ကြောင်း၊ ဥရောပသို့ သွားရောက်မည့် ၂၀ ပေ ကုန်သေတ္တာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ သို့ မြင့်တက်သွားပြီး ၄၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်သို့သွားရောက်မည့် လမ်းကြောင်းတွင် ၄၀ ပေ ကုန်သေတ္တာ   တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၅,၀၀၀ ထိမြင့်တက်ခဲ့ပြီး ၂၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း၊ နှုန်းထားမြင့်တက်မှုသည် ယခုနှစ် နှစ်ကုန်ပိုင်းထိ ရှိနိုင်သည်ဟု ခန့်မှန်းထားချက်အရ ပို့ကုန် လုပ်ငန်းရှင်များသည် သယ်ယူပို့ဆောင်မှုအတွက် သွင်းကုန်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင် ရွက်သင့်ကြောင်း ကောင်စီက သုံးသပ်အကြံပြုထားပါသည်။

ထိုင်းနိုင်ငံအတွက် သင်္ဘောတင်ပို့ခ ရည်ညွှန်းနှုန်းထားသတ်မှတ်ရန် ထိန်းချုပ်သည့် ဝန်ဆောင် မှုအတွက် ပူးတွဲကော်မတီကို ခေါ်ယူနိုင်ရေး စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကောင်စီအနေဖြင့် တောင်းဆိုလိုပါကြောင်း၊ ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှုသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းကြား ရှိနိုင်မည်ဟု ခန့်မှန်းထားချက်ကို ရရှိနိုင်ရန်မှာ ထိုင်းနိုင်ငံအနေဖြင့် ၁ လလျှင် ပျမ်းမျှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄.၂ ဘီလီယံရရှိရန် လိုအပ်ကြောင်း Mr. Chaichan က ပြောကြားခဲ့ ပါသည်။

ထိုင်းနိုင်ငံ၏ ယခုနှစ် ပထမ ၃ လပတ်တွင် ပို့ကုန်တိုးတက်မှုရှိခဲ့သော်လည်း အဓိက ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးကျဆင်းလာမှုနှင့် ပင်လယ်နီတင်းမာမှုများကြောင့် သင်္ဘောတင်ပို့စရိတ်များ မြင့်မားလာမှုကြောင့် ပို့ကုန်အပေါ် ထိခိုက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News