International News

ထိုင်းနိုင်ငံ၌ ကြုံတွေ့နေရသော မိုးခေါင်မှုသည် ဒူးရင်းသီးတောင်သူများအတွက် ဖိအားများ ဖြစ်စေခဲ့

Last Updated:

ထိုင်းနိုင်ငံတွင် ရှည်ကြာသော မိုးခေါင်မှုနှင့် အပူချိန်များကြောင့် အဖိုးတန်သီးနှံများသည် ခူးဆွတ်ရာသီမတိုင်မီ ပျက်စီးနေသဖြင့် နိုင်ငံအရှေ့ဖက်ရှိ ဒူးရင်းသီးစိုက်တောင်သူများအား အကူအညီ များ ပေးအပ်ရန် ဝန်ထမ်းများကို စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန ဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါသည်။

ဒူးရင်းသီးအဓိက စိုက်ပျိုးသည့် ဒေသဖြစ်သော အရှေ့ဖက်ခြမ်းရှိ တောင်သူများက အပူချိန် ကြောင့် ဒူးရင်းသီးများသည် မခူးဆွတ်ရဘဲ အကိုင်းပေါ်တွင် အက်ကွဲနေပါကြောင်း၊ အချို့သည် ၎င်းတို့ ၏ စိုက်ခင်းများသို့ ရေဝယ်ယူတင်သွင်းနေရပါကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

စိုက်ခင်းများသို့ ရေပံ့ပိုးပေးရန် တော်ဝင်ဆည်မြောင်းဦးစီးဌာနကို လမ်းညွှန်ထားသကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးတိုးချဲ့မှုဦးစီးဌာနတို့ကိုလည်း ပုံမှန်ထက်ပိုမိုခြောက်သွေ့နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ တောင်သူများကို ကူညီနိုင်မည့် နည်းလမ်းများပံ့ပိုးပေးရန် ညွှန်ကြားထားပါကြောင်း သိရှိရပါသည်။

မိုးခေါင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုရှိသည့် ဒေသမှ တောင်သူများထံ မိုးခေါင်မှုအရေးပေါ် အခြေ အနေတွင် ဆောင်ရွက်နိုင်မည့် အချက်အလက်များကို ဝေငှပေးနိုင်ရေး အဆိုပါ ဒေသရှိ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများအား မှာကြားထားပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Rapibhat Chandarasrivongs   က ပြောကြားခဲ့ပါသည်။

အရှေ့ပိုင်းရှိ ဒူးရင်းသီးအမျိုးအစားများ ဖြစ်သည့် kradum thong ဒူးရင်းသီးသည် ဧပြီ ၁၅ ရက်နေ့မှစတင်ခူးဆွတ်နေပြီဖြစ်ကြောင်း၊ chani နှင့် phuang mani သီးတို့သည် ဧပြီလ ၅ ရက်နေ့တွင် စတင်ပြီဖြစ်ပါကြောင်း၊ လူကြိုက်များသော mon thong ဒူးရင်းသီးသည် မေလ ၂၀ နောက်ပိုင်းတွင် စတင်ခူးဆွတ်တော့မည် ဖြစ် ကြောင်း စိုက်ပျိုးရေးတိုးချဲ့မှုဦးစီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ဒူးရင်းသီးတင်ပို့မှုတွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသော မိုးခေါင်မှုနှင့်အပူချိန်မြင့်မားသည့် ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News