International News

အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ကို ၃.၀ သို့ အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနက ပါဝင်တက်ရောက်ခဲ့

Last Updated:

အာဆီယံ-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသာမက ကုန်စည်နှင့် ဝန်ဆောင်မှုများ စီးဆင်းနိုင်ရေးအတွက် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ၃.၀ သို့ အဆင့်မြှင့်တင်မည့် ညှိနှိုင်းဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် Mr. Ratchawit Piyapramote ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။    

ဧပြီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် ညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးပွဲတွင် ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူ အကာကွယ်ပေးရေး ပြဿနာများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စာချုပ်ပါ အခန်းများကို ပြန်လည်ပြင်ဆင်ခြင်းတို့ ပါဝင်ပါကြောင်း၊ ပိုမိုပါဝင်နိုင်စေရန်၊ ခေတ်မီစေရန်၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန်နှင့် အပြန်အလှန် အကျိုးကျေးဇူးဖြစ်စေရန်အတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ် အတွင်း ဆွေးနွေးမှုအပြီးသတ်နိုင်ရေး နှစ်ဖက်စလုံးမှ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဖွင့်ပွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ညှိနှိုင်းမှုဆိုင်ရာ လုပ်ငန်းအစီအစဉ် လမ်းညွှန်များ၊ ဆွေးနွေးမှုတစ်ခုချင်းစီအတွက် ပန်းတိုင်များနှင့် Follow-up ညှိနှိုင်းမှုအတွက် အချိန်ဇယားများကို ချမှတ်ပေးခဲ့ပါကြောင်း၊ စာချုပ်ကို လက်ရှိ စီးပွားရေး အခြေအနေများနှင့် ချိတ်ဆက်မိစေရေး အတွက် ယခုနှစ်အတွင်း အပြီးသတ်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရန်၊ အာဆီယံနှင့် တရုတ် တို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ခိုင်မာစေရန်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပူးတွဲ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Ratchawit က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အာဆီယံမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၉၃ ဘီလီယံနှင့် သွင်းကုန် အမေရိ ကန်ဒေါ်လာ ၄၀၉ ဘီလီယံရှိခဲ့သဖြင့် အာဆီယံနှင့် တရုတ်အကြား ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၇၀၂ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံရှိသဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံရှိပါကြောင်း၊ အဓိက ပို့ကုန်များမှာ လတ်ဆတ်သစ်သီး၊ ရာဘာထုတ်ကုန်များနှင့် ပလတ် စတစ်တို့ဖြစ်ပြီး သွင်းကုန်များမှာ လျှပ်စစ်ပစ္စည်း၊ ဓာတုနှင့် စက်ယန္တရားတို့ဖြစ်ကြောင်း သိရှိရပါသည်။

စီးပွားရေးကြီးမားသော တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့အကြား ရေးထိုးထားသည့် လွတ်လပ် သော ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင်း အကျိုးကျေးဇူးများခံစားရနိုင်သကဲ့သို့ ထိုင်းနိုင်ငံအတွက် အကျိုး ကျေးဇူးများနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Category: International News