International News

အမေရိကန်-တရုတ် ကုန်သွယ်ရေး ပဋိပက္ခကြောင့် ထိုင်းပို့ကုန်တိုးတက်မှုရှိလာနိုင်သည်ဟု Joint Standing Committee on Commerce, Industry and Banking (JSCCIB) က ပြောကြားခဲ့

Last Updated:

အမေရိကန်-တရုတ်ကုန်သွယ်ရေး ပဋိပက္ခကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခင်ခန့်မှန်းချက် ထက် တိုးတက်မှုရှိလာနိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၀.၈ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းကြား ရှိနိုင်ကြောင်း Joint Standing Committee on Commerce, Industry and Banking (JSCCIB) က ခန့်မှန်း ပြောကြားခဲ့ပါသည်။

ပဋိပက္ခများသည် ကုန်သည်များအတွက် မမျှော်လင့်နိုင်သော အကြောင်းအရာများ ဖြစ်လာနိုင် သည်ဟု Thai National Shippers’ Council (TNSC) ၏ အမြင်နှင့်ကွဲလွဲစွာ ကုန်သွယ်ရေး ပဋိပက္ခ များကြောင့် အကျိုးကျေးဇူးများရရှိနိုင်သည်ဟု ကော်မတီအနေဖြင့် စိတ်အားထက်သန်နေပါကြောင်း၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက ဘေဂျင်း၏ မမျှတသော ကုန်သွယ်မှုအလေ့အထများကြောင့် တရုတ်မှ လျှပ်စစ်မော်တော်ကားများ၊ ဆိုလာပြားများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် သံမဏိနှင့် အလူမီနီယံကုန်စည်အချို့အပေါ် အခွန်များစွာကောက်ခံရန် ဆုံးဖြတ်ခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြ ထားပါကြောင်း၊ ကုန်သွယ်ရေး ပဋိပက္ခကြောင့် တရုတ်လုပ်ငန်းရှင်များ၏ ၎င်းတို့၏ ပို့ကုန်ဆိုင်ရာ ထုတ်လုပ်မှုအခြေစိုက်များအဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်လာနိုင်ကြောင်း ထိုင်းဘဏ်များအသင်း ဥက္ကဋ္ဌ Mr. Payong Srivanich က သုံးသပ်ပြောကြားပါသည်။

သို့သော် လောင်စာဈေးနှုန်းမြင့်တက်ခြင်းနှင့် သင်္ဘောတင်ပို့ခများ မြင့်တက်နေမှုကြောင့် ထုတ် လုပ်မှုကုန်ကျစရိတ်မြင့်တက်စေခြင်းသည် အခြားသော ကိစ္စရပ်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ရှိ ပဋိပက္ခတို့ကြောင့် ကုန်သေတ္တာတင်သင်္ဘောများနှင့် ကုန်သေတ္တာများ ပြတ်လပ်မှု ဖြစ်  ပေါ်နေခြင်းကြောင့် သင်္ဘောတင်ပို့ခကြီးမြင့်ရခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အခြေအနေများကို ကြည့်ပါက မော်တော်ကား ရောင်းအားကျဆင်းနေဆဲဖြစ်ပြီး ယခုနှစ် ပထမ ၄ လအတွင်း ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ အိမ်ယာရောင်းအား ၁၁.၈ ရာခိုင်နှုန်းနှင့် ကွန်ဒိုရောင်းအား ၇.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ကဏ္ဍ ၂ ခုလုံးတွင် ရောင်းအားကျဆင်းခဲ့ပါက GDP တိုးတက်မှုနှုန်းမှာလည်း ၀.၃ ရာခိုင်နှုန်းမှ ၀.၄ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း Mr. Payong က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကော်မတီအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် GDP တိုးတက်မှုနှုန်းကို ၂.၂ ရာခိုင်နှုန်းမှ ၂.၇ ရာခိုင်နှုန်း ကြား ခန့်မှန်းထားပြီး ငွေကြေးဖောင်းပွမှုနှုန်းကို ၀.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းကြား ခန့်မှန်းထားပါ ကြောင်း၊ အစိုးရက ၁ ရက် အနည်းဆုံးလုပ်ခလစာကို ဘတ် ၄၀၀  သို့ တိုးမြှင့်ပေးခဲ့မည် ဆိုပါက နိုင်ငံစီး ပွားရေးအပေါ် ဖိအားဖြစ်လာစေမည်ဖြစ်ကြောင်း၊ စီးပွားရေးကျဆင်းလာမှုနှင့် ဝယ်ယူမှု စွမ်းအား ကျဆင်းလာမှုတို့ကြောင့် စက်ရုံအများအပြား ပိတ်သိမ်းလျက်ရှိသည်ကို မျက်မြင် ဖြစ်ပါကြောင်း၊ ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပိတ်သိမ်းမည့် စက်ရုံများလည်း ရှိနေသေးပါကြောင်း ထိုင်းစက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ Mr. Tawee Piyatana က ပြောကြားခဲ့ပါသည်။

အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ ပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်လုပ်ခလစာ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် လစာနှုန်းထားကို သတ်မှတ်ခြင်းဖြစ်ရာ လစာတိုးမြှင့်ခြင်း၏ နောက် ကွယ်တွင် အစိုးရ၏ ရည်ရွယ်ချက်ကောင်းကို နားလည်သော်လည်း လုပ်ခလစာတိုးမြှင့်မှုကြောင့် မြင့် တက်လာမည့် လုပ်ငန်းလည်ပတ်စရိတ်ကြောင့် အချို့သော ထုတ်လုပ်သူများ အနေဖြင့် ဆောင်ရွက်နိုင် မည် မဟုတ်ကြောင်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Mr. Poj Arawattananont က ဖြည့် စွက်ပြောကြားခဲ့ပါသည်။  

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News