Local News

လပွတ္တာမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများ ရန်ကုန်စျေးကွက်အတွင်း ဝယ်လိုအား ကောင်းလျက်ရှိ

Last Updated:

 ဧရာဝတီတိုင်းဒေသကြီး    လပွတ္တာမြို့နယ်မှ  ရန်ကုန်စျေးကွက်သို့   ဇွန်လအတွင်း  မျှင်ငါးပိ  ပိဿာချိန် ၈၅၀၀၀  အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒေသထွက်မျှင်ငါးပိများ စျေးကွက်အတွင်း ဝယ်လိုအားကောင်းလျက်ရှိကြောင်း ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေးလုပ်ငန်း     လုပ်ကိုင်သူ ဒေါ်ဝင်းမော်၏ ပြောကြားချက်အရ သိရသည်။ လပွတ္တာမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်စျေးကွက်သို့ အဓိကတင် ပို့ရောင်းချလျက်ရှိပြီး မေလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၆၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ကာ ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း မျှင် ငါးပိ  ပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ မျှင်ငါးပိတွေ အပါအဝင် ဒေသထွက်ကုန်တွေကို ရန်ကုန်စျေးကွက်ကို အဓိကတင်ပို့ ရောင်းချနေပါတယ်။ ဇွန်လတစ်လတာကာလအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ရန်ကုန်စျေးကွက်မှာလည်း မျှင်ငါးပိဝယ်ယူမှု အရမ်းများနေပါတယ်။  မျှင်ငါးပိတွေက ပြည်တွင်းစျေးကွက်မှာ ဝယ်လိုအားကောင်းလာပါတယ်။  အခုလို  မျှင်ငါးပိတွေ အရောင်းအဝယ် ပြန်ကောင်းလာတော့ လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ  အဆင်ပြေလာတယ်” ဟု ဒေါ်ဝင်းမော်က ပြောသည်။

လပွတ္တာမြို့နယ်၌ ရေထွက်ကုန်ရောင်း ဝယ်ရေးလုပ်ငန်း  လုပ်ကိုင်သူများသည် ဒေသခံရေလုပ်သားများ   ပင်လယ်ပြင်မှ  ဖမ်းယူရရှိသော မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိ ကြောင်း၊ အဆိုပါ မျှင်ငါးပိထုတ်လုပ် ရောင်းချသည့်လုပ်ငန်း တစ်ခုလျှင် လုပ်သား  ၁၅ ဦးမှ ၂၅ ဦးအထိ အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း သိရသည်။  

Source: https://www.myawady.net.mm

Category: Local News