International News

ထိုင်းနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးအတွက် ထိုင်း-ဆော်ဒီ ပူးတွဲကုန်သွယ်ရေးကော်မတီတစ်ခု ဖွဲ့စည်းရန် နှစ်နိုင်ငံသဘောတူညီခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးအတွက် ထိုင်း-ဆော်ဒီ ပူးတွဲကုန်သွယ်ရေးကော်မတီတစ်ခု ဖွဲ့စည်းရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြပြီး ကော်မတီ ဖွဲ့စည်း နိုင်ရေးအတွက် လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ (Memorandum of Underst-anding-MoU) အပေါ် အစိုးရအဖွဲ့အစည်းက ခွင့်ပြုခဲ့ကြောင်း အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Rudklao Intawong Suwankiri က ပြောကြားချက်အရ သိရှိရပါသည်။

နားလည်မှုစာချွန်လွှာကို ဆော်ဒီအာရေဗျစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ မေလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်တွင် လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း၊ စာချုပ်သည် ၃ နှစ်သက်တမ်းရှိမည် ဖြစ်ပြီး စာချုပ်ဝင်တစ်ဦးဦးက ဖျက်သိမ်းကြောင်း အကြောင်းကြားစာ မပေးပို့မချင်း အလိုအလျောက်သက်တမ်းတိုးသွားမည် ဖြစ်ကြောင်း၊ မူလပထမက ကော်မတီကို ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာအရ ဖွဲ့စည်းမည်ဟု ဆို သော်လည်း ဆော်ဒီအာရေဗျ၏ နားလည်မှုစာချွန်လွှာပုံစံပြင်ဆင်ပေးရန် မေတ္တာရပ်ခံချက်အရ ပြောင်းလဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ကော်မတီသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပြဿနာ များနှင့် အတားအဆီးများကို ဖြေရှင်းနိုင်ရေး ဆွေးနွေးပွဲများအတွက် နည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း Ms. Rudklao ဖြည့်စွက်ပြောကြားခဲ့သည်။

MoU မူကြမ်းသည် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်၊ အပြန်အလှန်အကျိုးရှိ စေရန်၊ အတားအဆီးများနှင့် စိန်ခေါ်မှုအလားအလာများကို အဆုံးသတ်ရန် ဖြစ်ကြောင်း၊ ရည်ရွယ် ချက်မှာ စီးပွားရေးဆိုင်ရာ အတွေ့အကြုံများ၊ သတင်းအချက်အလက်နှင့် ကုန်သွယ်ရေး အခွင့်အလမ်း များ မျှဝေရန်၊ နှစ်နိုင်ငံကုန်သွယ်ရေးချဲ့ထွင်ရာတွင် အပြန်အလှန်အကြံပြုချက်ပေးရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများမြှင့်တင်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေနိုင်ရေးအတွက် တစ်နိုင်ငံစီ၌ ကျင်းပမည့် ကုန်စည်ပြပွဲနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအခမ်းအနားများတွင် ပါဝင်ဆောင် ရွက်ရန် ဖြစ်ကြောင်း၊ ဆော်ဒီအာရေဗျသည် အစ္စလာမ်နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းတွင် နိုင်ငံရေးနှင့် စီးပွားရေးအရ အဓိကကျသောအခန်းကဏ္ဍ၌ ပါဝင်နေပြီး ထိုင်းနိုင်ငံအတွက် စီးပွားရေးနှင့် ကုန်သွယ် ရေး ဆက်သွယ်မှုအတွက် မဟာဗျူဟာကျသည့် ဈေးကွက်ဖြစ်ပါကြောင်း Ms. Rudklao က သုံးသပ်ပြောကြားပါသည်။

၂၀၂၃ ခုနှစ်တွင် ဆော်ဒီအာရေဗျသည် ထိုင်းနိုင်ငံ၏ အဆင့် ၁၇ ရှိသော ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ခဲ့ပြီး အရှေ့အလယ်ပိုင်း၏ ဒုတိယအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ၃၂ နှစ်ကြာ တင်းမာသော ဆက်ဆံရေးပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ သံတမန်ဆက်ဆံရေး ပြန်လည် တည်ဆောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ဖန်တီးခဲ့ပါကြောင်း၊ HRH မင်းသား Mohammed bin Salman ၏ ဖိတ်ကြားချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် Riyadh သို့ သွားရောက်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ၏ ခရီးစဉ်သည် ပထမဆုံး ခေါင်းဆောင်အဆင့်ဆွေးနွေးပွဲဖြစ်ခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ဆော်ဒီ အာရေဗျပိုင် ကျောက်မျက်ရတနာကို ထိုင်းအလုပ်သမားက ခိုးယူခဲ့မှုအကျိုးဆက်ကြောင့် ဆော်ဒီ သံတမန် ၃ ဦး လုပ်ကြံခံခဲ့ရပြီး ဆော်ဒီလုပ်ငန်းရှင်တစ်ဦး ဗန်ကောက်တွင် ပျောက်ဆုံးခဲ့ပါကြောင်း၊ ထို့ ကြောင့် ဆော်ဒီအာရေဗျက သံတမန်ဆက်ဆံရေးကို အဆင့်နှိမ့်ချခဲ့ပြီး အစီအမံများစွာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအတွက် အရှေ့အလယ်ပိုင်း၏ ဒုတိယအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့်အစ္စလာမ်နိုင်ငံများတွင် နိုင်ငံရေးနှင့်စီးပွားရေးအရ အဓိကကျသောအခန်းကဏ္ဍ၌ပါဝင်နေသည့် ဆော်ဒီအာရေဗျနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာများအတွက် ပူးတွဲကုန်သွယ်ရေးကော်မတီ ထူထောင်ခြင်းဖြင့် နှစ်နိုင်ငံအကျိုး ကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News