International News

ထိုင်းနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ကွန်ပျူတာ Chip ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေး ဦး တည်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံတွင် နိုင်ငံအဆင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာဘုတ်အဖွဲ့ ထူထောင်ရန် အစီအစဉ် နှင့်အညီ လျှပ်စစ်မော်တော်ကား စက်မှုတိုးတက်လာမှုကို အထောက်အကူပြုရန် ကွန်ပျူတာ Chip ပြားများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံခြားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာပြီးနောက် ပြည်တွင်း EV ထုတ်လုပ်မှု အရှိန် အဟုန်ရလာသည်နှင့်အမျှ ဆက်စပ်စက်ရုံများတွင် ဖွံ့ဖြိုးတိုးတက်မှုလည်း လိုအပ်ပါကြောင်း၊ တစ်ပိုင်း လျှပ်ကူးပစ္စည်းများ၊ စမတ်အီလက်ထရောနစ်များနှင့် ဆားကစ်ပြားများတွင်လည်း ရင်းနှီးမြှုပ်နှံမှု ပေးရန် လိုအပ်ပါကြောင်း ဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံလုပ်သားများ၏ အရည်အသွေးမြှင့်တင်ရန်အတွက် နိုင်ငံအဆင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ ဘုတ်အဖွဲ့ကို ထူထောင်ရန် စီးပွားရေးဝန်ကြီးများက သဘောတူညီ ခဲ့ကြပါကြောင်း၊ ထိုင်းနိုင်ငံသည် အရည်အချင်းပြည့်မီသော တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်သားများ ပိုင်ဆိုင်မှုတွင် အခြားနိုင်ငံများနောက် ကျန်ခဲ့ပါကြောင်း၊ အရည်အချင်းပြည့်မီသော လုပ်သားများ ပြတ် လပ်မှုကို ဖြေရှင်းရန် ပုဂ္ဂလိက ကဏ္ဍအနေဖြင့်လည်း ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုင်းလုပ်သား များကို တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်မှုတွင် ကျော်ကြားသည့် ထိုင်ဝမ်သို့ သင်တန်းတက်ရောက်နိုင်ရေး စေလွှတ်ရန် စီစဉ်နေပါကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Pichai Chunhavajira က ပြောကြားခဲ့ပါသည်။

လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံခြားလုပ်ငန်းရှင်များကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဆက်လက်ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ အာဆီယံတွင် ရင်းနှီးမြှုပ်နှံမှု အချက်အချာ ဖြစ်စေရန်ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ နှင့် HSBC Thailand တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ နိုင်ငံတကာချိတ်ဆက်မှုဖြင့် ထိုင်းနိုင်ငံကို နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း၊ S-curve စက်မှုနေရာတွင် ရင်းနှီး မြှုပ်နှံသူများဖိတ်ခေါ်ရန် လာမည့် ရက်သတ္တပတ်အတွင်း ဂျပန်နိုင်ငံ အိုဆာကာ၌လည်းကောင်း၊ ဇူလိုင်လတွင် အရှေ့အလယ်ပိုင်းတွင် လည်းကောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပွဲတစ်ခု ကျင်းပသွားရန်ရှိ ကြောင်း Mr. Narit က ဖြည့်စွက်ပြောကြားပါသည်။

ယခုနှစ် ပထမ ၃ လပတ်အတွင်း ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာများသည် ၇၂၄ ခုရှိပြီး ၉၄ ရာခိုင် နှုန်း တိုးတက်လာလျက်ရှိပါကြောင်း၊ တန်ဖိုးအားဖြင့် ဘတ် ၂၈၈ ဘီလီယံဖြစ်ကြောင်း ဘုတ်အဖွဲ့က ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။       

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News