International News

တောင်ကိုရီးယားနိုင်ငံသည် အာရပ်စော်ဘွားများပြည်ထောင်စုနှင့် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့

Last Updated:

တောင်ကိုးရီးယားသမ္မတ ယွန်ဆုခ်ယော်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုသမ္မတ မိုဟာမက်ဘင်ဇေယဒ်အလ်နာယန်တို့သည် ဆိုးလ်မြို့တွင် ၂၉-၅-၂၀၂၄ ရက်နေ့က ကျင်းပခဲ့သည့် နှစ်နိုင်ငံကုန်သွယ်‌ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနည်းလမ်းများ ရှာဖွေ ရန်ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘော တူစာချုပ် (Comprehensive Economic Partnership Agreement- CEPA) ကို လက်မှတ်ရေး ထိုး ချုပ်ဆိုခဲ့ကြပါသည်။

CEPA လက်မှတ်ရေးထိုးခြင်းမတိုင်မီ နှစ်နိုင်ငံအကြား သဘောတူညီချက်များ ရရှိရေးဆွေး နွေးခဲ့မှုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အဆုံးသတ်ခဲ့ပါသည်။ ဆွေးနွေးမှုများအရ ၁၀ နှစ်ကျော်ကြာကာလအတွင်း တောင်ကိုရီးယားနိုင်ငံသည် ကုန်သွယ်မှုပြုသည့် ကုန်စည်လိုင်းစုစု ပေါင်း၏ ၉၂.၈ ရာခိုင်နှုန်းအထိ အကောက် ခွန်နှုန်းများဖယ်ရှားပေးရမည်ဖြစ်ပြီး အာရပ်စော်ဘွား များပြည်ထောင်စုကလည်း ကုန်စည်လိုင်းစုစုပေါင်း၏ ၉၁.၂ ရာခိုင်နှုန်းအထိ အကောက်ခွန်နှုန်းများ ဖယ်ရှားပေးရမည်ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်အရ အာရပ်စော်ဘွားများပြည်ထောင်စုသို့ အဓိကတင်ပို့သည့် ကုန်စည်များမှာ လက်နက်များဖြစ်ပြီး အခြားသောပို့ကုန်အများစုသည်လည်း CEPA အသက်ဝင်လျင်ဝင်ချင်း အကောက်ခွန်လျှော့ချပေးရမည့် ကုန်စည်များဖြစ်ပါသည်။ အရှေ့ အလယ်ပိုင်းဒေသတွင် ကာကွယ်ရေးပစ္စည်းများ ဝယ်လိုအားမြင့်မားနေသည့်အတွက် နှစ်နိုင်ငံအ ကြား ယခုချုပ်ဆိုသော CEPA သည် တောင်ကိုရီးယားနိုင်ငံ၏ လက်နက်တင်ပို့မှုကို မြင့်မားစေ မည်ဟု ယူဆထားကြပါသည်။ လျှပ်စစ်ကားနှင့် ဟိုက်ဘရစ်ကားများတင်သွင်းမှုအတွက် အခွန် ကောက်ခံမှုကို အလွန်ဆုံး ၁၀ နှစ်အတွင်း ဖယ်ရှားပေးမည်ဖြစ်သည့်အတွက် တောင်ကိုရီးယား နိုင်ငံ၏ ကားတင်ပို့မှုကို ပိုမိုမြင့်မားစေမည်ဟု မျှော်မှန်းထားပါသည်။ ထို့ပြင် အာရပ်စော်ဘွားများ ပြည်ထောင်စုသည် အွန်လိုင်းဂိမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဗွီဒီယိုနှင့် တေးဂီတစာသားများ ဈေးကွက်ဝင်ရောက်ခွင့်ကိုလည်း တောင်ကိုရီးယားနိုင်ငံသို့ ပေးအပ်သွားမည်ဖြစ်ပါသည်။ ပြည်ပ နိုင်ငံတစ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်တစ်ခုတွင် ယင်းကဲ့သို့ အွန်လိုင်း ဂိမ်းဈေးကွက်ဝင်ခွင့်ကို ပေးအပ်ခြင်းသည် ပထမဆုံးစံနမူနာတစ်ခုပင် ဖြစ်ပါသည်။

CEPA လက်မှတ်ရေးထိုးအပြီးတွင် တောင်ကိုရီးယားအစိုးရသည် လွှတ်တော်သို့တင်ပြ၍ အတည်ပြုသွားမည်ဖြစ်ပြီး နှစ်နိုင်ငံလုံးတွင် ဥပဒေပိုင်းဆိုင်ရာလိုအပ်သောလုပ်ငန်းစဉ်များ ဆောင် ရွက်ပြီးစီးပါက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထိပ်သီးဆွေးနွေးပွဲကာလအတွင်း Abu Dhabi National Oil Company (ADNOC) သည် ဓါတ်ငွေ့ရည် (LNG) သယ်ဆောင်သည့် သင်္ဘောအကြီး ၆ စီး တည်ဆောက်ပေးရန် အပ်နှံသည့် သဘောတူညီချက်များကို Samsung Heavy Industries နှင့် Hanwha Ocean တို့နှင့် လက်မှတ် ရေးထိုးခဲ့ကြပါသည်။

နှစ်နိုင်ငံအကြား စွမ်းအင်ပြတ်လပ်မှုမရှိ လုံခြုံစိတ်ချစွာသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် ပူးတွဲရေနံစိမ်းသိုလှောင်သည့်စီမံကိန်း (လက်ရှိတွင် စည်ပေါင်း ၄ သန်း) ကို ချဲ့ထွင်ရန်အတွက်လည်း နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ကုန်သွယ်မှု အပြင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နှစ်နိုင်ငံလုံးမှအဖွဲ့အစည်းများစွာပါဝင်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုနေရာ/အဖွဲ့အစည်း (Platform) တစ်ခု ထူထောင်နိုင်ရေး နားလည်မှု စာချွန်လွှာတစ်စောင်ကိုလည်း ထိပ်သီးဆွေးနွေးပွဲကာလအတွင်း လက်မှတ်ရေးထိုးခဲ့ကြပါသည်။

 

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့

Category: International News