International News

ထိုင်းနိုင်ငံ၏ အနာဂတ်အစားအစာစက်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှုအသစ်တစ်ရပ်စတင်

Last Updated:

ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက် မောင်းနှင်အားအသစ်ဖြစ်စေမည့် စိုက်ပျိုးရေး ထုတ် ကုန်များကို တန်ဖိုးမြှင့်တင်ရန် အနာဂတ်အစားအစာစက်မှုနယ်ပယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတွင်း၌ ပြည်သူများ၏ ကျန်းမာပြီး သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသော အစားအစာရွေးချယ်မှုများ တိုးတက်လာမှုကြောင့် စိုက်ပျိုးရေးထုတ်ကုန်များ၏ တန်ဖိုးမြှင့်တင်ရန်မှာ အနာဂတ်အစားအစာစက်မှုနယ်ပယ်သည် ထင်ရှားသော ကဏ္ဍဖြစ်ပါကြောင်း၊ အနာဂတ်အစားအစာ ဆိုသည်မှာ တီထွင်ဆန်းသစ်ထားပြီး စားသုံးရန် စိတ်ချလုံခြုံသော၊ နောက်ကြောင်းပြန်လိုက်နိုင်သော၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်များဖြစ်ပါကြောင်း၊ အနာဂတ်အစားအစာများကို Functional၊ ဆေးဘက်ဆိုင်ရာ၊ အော်ဂဲန်းနစ်နှင့် အစားထိုးပရိုတိန်းအစရှိသဖြင့် အုပ်စုကြီး ၄ ခုခွဲခြား ထားပြီး ကျန်းမာစေပြီး စဉ်ဆက်မပြတ်၍ တီထွင်ဆန်းသစ်သော ခေါင်းစဉ် ၃ ခုအပေါ် ဦးတည်ထားပါ ကြောင်း ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn နှင့် ထိုင်းအနာဂတ်အစားအစာအသင်းဥက္ကဋ္ဌ Mr. Visit Limlurcha နှင့် အသင်းအဖွဲ့ဝင်များ တွေ့ဆုံ ခဲ့မှုတွင် ထောက်ပြဆွေးနွေးခဲ့ကြပါသည်။

၂၀၂၃ ခုနှစ်တွင် အနာဂတ်အစားအစာ ပို့ကုန်မှ ဘတ် ၁၄၃ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ လူကြိုက်  အများဆုံး အစားအစာမှာ Functional ဖြစ်ပြီး ဘတ် ၁၂၈ ဘီလီယံ ဖြစ်ကြောင်း၊ ဒုတိယမှာ ဆေးဘက် ဆိုင်ရာ ဖြစ်ပြီး ဘတ် ၆.၃၉ ဘီလီယံဖြစ်ပါကြောင်း၊ တတိယမှာ အစားထိုးပရိုတိန်း ဘတ် ၆.၃၅ ဘီလီယံနှင့် နောက်ဆုံးမှာ အော်ဂဲန်းနစ် ဘတ် ၁.၄ ဘီလီယံ အသီးသီးရှိပါကြောင်း၊ အဓိက ဈေးကွက် များမှာ အမေရိကန်၊ ဗီယက်နမ်၊ တရုတ်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့ ဖြစ်ပါကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း အနာဂတ်အစားအစာ ပို့ကုန်မှ ဘတ် ၅၁.၆ ဘီလီယံရရှိခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

လုပ်ငန်းရှင်များနှင့် ပြည်သူများအတွက် နိုင်ငံ၏ ပို့ကုန်အခြေအနေ၊ အဓိက ပို့ကုန်များ၊ အဓိက ဈေးကွက်များကို ဖော်ပြပေးလျက်ရှိသော Trade Intelligence System ဝက်ဘ်ဆိုဒ်စာမျက်နှာမှ တစ်ဆင့် အနာဂတ်အစားအစာ ဒက်ရှ်ဘုတ် တည်ထောင်နိုင်ရေး ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာ ရုံးနှင့် ထိုင်းအနာဂတ်အစားအစာအသင်းတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူများ၏ ကျန်းမာရေးရှုထောင့်အတွက် စိတ်ဝင်စားမှု မြင့်တက်လာသည်နှင့်အမျှ နေ့စဉ် စားသောက်မှုပုံစံပြောင်းလဲလာမှုနှင့်လိုက်လျောညီထွေရှိစေရေးအတွက် အစားအစာထုတ်လုပ်သည့် ပုံစံ ပြောင်းလဲခြင်းဖြင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ထိုင်းနိုင်ငံအစိုးရ၏ ဆောင်ရွက်မှုပင်ဖြစ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News