International News

ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးမှု စတင်ခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား စီးပွားရေးမိတ်ဖက်ဆိုင်ရာသဘောတူစာချုပ် အတွက် ပထမဆုံးအကြိမ် ဆွေးနွေးမှုကို ဇူလိုင်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul က ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တောင်ကိုရီးယား နိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Roh Keon-ki တို့ ပါဝင်တက် ရောက်ခဲ့ပါကြောင်း၊ သဘောတူစာချုပ်အရ နှစ်နိုင်ငံ ကုန်သွယ်မှု ဆက်ဆံရေးကို အဆင့်မြှင့်တင်၍ ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများ ထိုင်းနိုင်ငံတွင် မြင့်တက်လာစေရန်၊ ဆိုးလ်သို့ အသားနှင့်ငါးထုတ်ကုန် များ၊ သရက်၊ မာလကာ၊ မင်းဂွတ်သီးနှင့် သစ်သားထုတ်ကုန် သင်္ဘောများ ပိုမိုဆိုက်ကပ်တင်ပို့နိုင်ရန် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Suchart Chom-klin က ပြောကြားခဲ့ပါသည်။

အဓိက ပူးတွဲကော်မတီက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ပါ နယ်ပယ်အသီး သီးအတွက် ဖွဲ့စည်းထားသော ကော်မတီခွဲ ၁၃ ခုအပေါ် ကြီးကြပ်မည်ဖြစ်ပါကြောင်း၊ ယခု ပထမ အကြိမ် ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် ပြဿနာများအား ပြန်လည်သုံးသပ်ခြင်းတို့ကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် အခြေခံဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ညှိနှိုင်းမှုကို ၇ ကြိမ် ကျင်းပပြုလုပ်ရန် လျာ ထားပြီး ၂၀၂၅ ခုနှစ် နှစ်ဆုံးပိုင်းတွင် အပြီးသတ်သွားရန် နှစ်ဖက်လုံးက ရည်မှန်းထားပါကြောင်း၊ ဒုတိယအကြိမ် ဆွေးနွေးပွဲကို စက်တင်ဘာလတွင် ကိုရီးယားနိုင်ငံ ဆိုးလ်တွင် ကျင်းပသွားမည် ဖြစ် ကြောင်း Ms. Chotima က ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုရီးယားသည် အာဆီယံ-ကိုရီးယား FTA နှင့် RCEP တို့အရ ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေး ဆက်ဆံမှုရှိသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အတွက် အခွင့်အရေးရှိနေပါကြောင်း၊ FTA မှ အကျိုးကျေးဇူးခံစားလိုသည့် ထိုင်းထုတ်ကုန်များမှာ အသားနှင့်ငါးထုတ်ကုန်များ၊ သရက်၊ မာလကာ၊ မင်းဂွတ်သီးနှင့် သစ်သားထုတ်ကုန်များနှင့် ဓာတု ပစ္စည်းများ ဖြစ်ပါကြောင်း၊ ထိုင်းဝန်ဆောင်မှုလုပ်ငန်းများသည် ကိုရီးယားဈေးကွက်ရှိ သယ်ယူပို့ဆောင် ရေး၊ Warehousing၊ ဟိုတယ်နှင့် စားသောက်လုပ်ငန်းများသို့ ဝင်ရောက်လိုကြပါကြောင်း ညွှန်ကြား ရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ကိုရီးယားသည် ထိုင်းနိုင်ငံ၏ အဆင့် ၁၂ ရှိသော ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ခဲ့ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံ ရှိခဲ့ပါကြောင်း၊ အဓိကပို့ကုန်များမှာ သန့်စင်ပြီးဆီ၊ ရာဘာထုတ်ကုန်များ၊ သကြား၊ လျှပ်စစ်ဆားကစ်စ်ပြားများနှင့် အလူမီနီယံထုတ်ကုန် များဖြစ်ပြီး စက်ပစ္စည်းယန္တရားများ၊ ဓာတုပစ္စည်းများ၊ သံနှင့် သမဏိနှင့် လျှပ်စစ်ဆားကစ်စ်များပြားကို တင်သွင်းခဲ့ပါကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆.၃၀ ဘီလီယံ ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News