International News

ထိုင်းနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှု စတင်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုများကို လာမည့်နှစ်အတွင်းအပြီးသတ်ရန်ရည်ရွယ်ထားပါကြောင်း၊ FTA ညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းညွှန်းတမ်းကို ဘူတန်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးခဲ့ပါကြောင်း စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Napintorn Srisunpang က ပြောကြားခဲ့ပါသည်။

FTA သည် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကို တိုးစေနိုင်ပြီး ကုန်သွယ်ရေး အတား အဆီးများကို လျော့နည်းစေရုံသာမက စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်ဝင်ရောက်မှုကို အထောက်အပံ့ပေးနိုင်သဖြင့် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်တန်ဖိုးကို အမေရိကန် ဒေါ်လာ ၁၂၀ သန်းသို့ ရောက်ရှိရန် ခန့်မှန်းထားပါကြောင်း၊ အိန္ဒိယတောင်ပိုင်းနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ဘူတန် တောင်ပိုင်းရှိ Gelephu မြို့အနီးတွင် “Mindfulness City” တည်ထောင်မည့် စီမံချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ အစီအစဉ်အရ မြို့ကို စီးပွားရေးအချက်အချာနှင့် ခရီးသွား ဝင်ပေါက် အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်၊ တက္ကသိုယ်၊ Hydroponic ဖန်လုံအိမ်၊ ယဉ်ကျေးမှုစင်တာ၊ Spiritual စင်တာ၊ ပြည်တွင်းထုတ်ကုန်များအတွက် ဈေးတို့ ပါဝင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

စီမံကိန်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှကို အိန္ဒိယ အရှေ့မြောက်မှ ဆက်သွယ် ခြင်းဖြင့် စီးပွားရေးစင်္ကြံတစ်ခုဖြစ်လာနိုင်ကြောင်း၊ စီမံကိန်းတည်ဆောက်ရာတွင်  ထိုင်းစီးပွားရေး ကဏ္ဍ အနေဖြင့် မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် အလားအလာကောင်းပါကြောင်း၊ စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ မက်လုံးပေးအစီအစဉ်များနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သတင်းအချက် အလက်များ တောင်းခံခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် လက်မှုပညာ တို့တွင် စီးပွားရေးအရ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ရှိပါကြောင်း၊ ဘူတန်ခရီးသွားများသည် ထိုင်းနိုင်ငံသို့ ကျန်းမာရေးနှင့် အလှအပရေးရာအတွက် လာရောက်လျက်ရှိပြီး ဘူတန်၏ ယဉ်ကျေးမှုနှင့်ခရီးသွားမြှင့်တင်ရန် ထိုင်းနိုင်ငံပွဲတော်များတွင် ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရှိရပါသည်။

ဘူတန်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ခဲ့ပြီး ၂၀၃၄ ခုနှစ်၌ နိုင်ငံကို ဝင်ငွေမြင့်မားသော နိုင်ငံဖြစ်စေရန် ရည်မှန်းချက်ဖြင့် တောင်အာရှတွင် ဘူတန်ကို စီးပွားရေးအချက်အချာအဖြစ် ပြောင်းလဲမည့် ဘုရင် Jigme Khesar Namgyel Wangchuck ၏ မျှော်မှန်းချက်အသစ်ကို ထိုင်းနိုင်ငံအနေဖြင့် ချီးကျူးဂုဏ်ပြုကြောင်း ဒုတိယဝန်ကြီးက ပြောကြား ခဲ့ပါသည်။

ပထမအကြိမ် ညှိနှိုင်းဆွေးနွေးမှုကို ဘူတန် Thimphu တွင် မေလ ၂၇ ရက်နေ့၌ ကျင်းပခဲ့ပြီး FTA ဆိုင်ရာ အချက်အလက်များကို အတည်ပြုခြင်း၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်သတ်မှတ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဩဂုတ်လတွင် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှုကို ထိုင်းနိုင်ငံ၌ ကျင်းပသွားမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်သွားမည် ဖြစ်ကြောင်း၊ ဘူတန်နှင့် FTA ကို စတင်သည့်အချိန်မှစ၍ အကောက်ခွန်နှင့် အကောက်ခွန်မဟုတ်သော အတား အဆီးများ လျော့နည်းသွားမည် ဖြစ်ပြီး သစ်သီးခြောက်၊ အထည်ချုပ်၊ ရာဘာ၊ ပလတ်စတစ်ထုတ် ကုန်နှင့်လျှပ်စစ်အသုံးအဆောင်ပစ္စည်းပို့ကုန်များတွင် ယှဉ်ပြိုင်မှုတိုးမြင့်လာမည်ဖြစ်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန Ms. Chotima Iemsawasdikul က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုသည် တဖြည်းဖြည်းကောင်းမွန်လာခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၃ လတွင် အမေရိကန်ဒေါ်လာ ၃.၀၆ သန်း ရှိခဲ့ပါကြောင်း၊ ပို့ကုန်များတွင် ကွန်ပျူတာများ၊ ချည်ထည်များ၊ ဂျုံ၊ လျှပ်စစ်အသုံးအဆောင်များနှင့် အသင့်စားအစားအစာများဖြစ်ပြီး သွင်းကုန်တွင် လေယာဉ်ပစ္စည်း၊ သတ္တုပစ္စည်းများနှင့် အနုပညာပစ္စည်းများ ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် အလားအလာရှိသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် FTA လက်မှတ် ရေးထိုး၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုဆိုင်ရာများအတွက် အကျိုးကျေးဇူးများရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News