International News

ထိုင်းနိုင်ငံနှင့် Eurasian Economic Union (EAEU) တို့အကြား လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ အပြီးသတ်ညှိနှိုင်းမှုများ ဆောင်ရွက်သွားရန်ရှိ

Last Updated:

Eurasian Economic Union (EAEU) နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် အပြီးသတ်နိုင်ရေး ညှိနှိုင်းမှုများစတင်သွားရန် ထိုင်းနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Phumtham Wechayachai ၏ ပြောကြားချက် အရ သိရှိရပါသည်။

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတို့တွင် နှစ်နိုင်ငံ အကျိုးစီးပွားအတွက် နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပါကြောင်း၊ ကုန်စည်ပြပွဲ များနှင့် အွန်လိုင်းမှတစ်ဆင့် စီးပွားရေးညှိနှိုင်းမှုများ စသည့် ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းစဉ်များ အပြင် ထိုင်းနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် ဖွဲ့စည်းရေးတို့အတွက် ဆွေးနွေးခဲ့ပါကြောင်း၊ EAEU နှင့် FTA ဆိုင်ရာ ညှိနှိုင်းမှု စတင် သွားရန်နှင့် ကာဇက်စတန်၏ ထောက်ခံချက်ကိုလည်း ဆန္ဒရှိပါကြောင်း၊ EAEU သည် ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည့် FTA တစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှင့် နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရန်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများမှာ ရုရှား၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ကာဂျစ်စတန်တို့ဖြစ်ကြောင်း၊ EAEU အဖွဲ့တွင် လူဦးရေ ၂၀၀ သန်းခန့် နေထိုင်ပြီး GDP သည် အမေရိကန်ဒေါ်လာ ၅ ထရီလီယံ ရှိကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးထုတ်ကုန်များနှင့် တိရစ္ဆာန်အစာများကို ထိုင်းနိုင်ငံမှ တင်သွင်းနိုင်‌ရေး ကာဇက် စတန်နိုင်ငံနှင့် ဆွေးနွေးပြီးဖြစ်ပါကြောင်း၊ ကာဇက်စတန်နိုင်ငံတွင် တိရစ္ဆာန်အစာအတွက် ဝယ်လိုအား မြင့်တက်လာလျက်ရှိပြီး ထိုင်းတိရစ္ဆာန်အစာသည် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းမှာ သင့်တော်ပါ ကြောင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်အတွက် ၂၀၂၄ ခုနှစ် ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ကာဇက်စတန်သည် ဗဟိုအာရှတွင် စီးပွားရေး အကြီးဆုံးဖြစ်ပြီး GDP နှင့် ဝယ်ယူနိုင်စွမ်းသာမက စီးပွားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင်လည်း အချက်အချာဖြစ်ပါကြောင်း၊ အခြားသော ဗဟိုအာရှဈေးကွက်များသို့ ဝင်ပေါက်ဖြစ်သဖြင့် ကာဇက် စတန်သည် ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှိပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ဝန်ကြီးသည် ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့တွင်း ကာဇက်စတန်နိုင်ငံသို့ သွားရောက်ရန်လျာထားပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ သွားမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကာဇက်စတန်သည် ဗဟိုအာရှတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၇၂ သန်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန်များမှာ မော်တော်ကားနှင့် အစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များ၊ ကျောက်မျက် နှင့် လက်ဝတ်ရတနာများ၊ ယန္တရားများနှင့် လျှပ်စစ်ပစ္စည်းများဖြစ်ပြီး သွင်းကုန်များမှာ ရေနံစိမ်း၊ ကျောက်မီးသွေး၊ သံရိုင်း၊ ဓာတုပစ္စည်းများနှင့် တွင်းထွက်ပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။     

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News