International News

အိန္ဒိယနိုင်ငံတွင် သုံးနှစ်နီးပါးအချိန်အတွင်း သဘာဝရော်ဘာဈေးနှုန်းများ စတင်မြင့်တက်လာ

Last Updated:

အိန္ဒိယနိုင်ငံတွင် သုံးနှစ်နီးပါးအချိန်အတွင်း သဘာဝရော်ဘာဈေးနှုန်းများ စတင်မြင့်တက်လျက်ရှိပြီး၊ မှိုင်းခံရော်ဘာအဆင့်-၄(RSS IV)အရည်အသွေးအဆင့်ရှိ သဘာဝရော်ဘာ ၁ ကီလိုဂရမ်လျှင် ရူပီး ၁၈၂ ရှိကြောင်း သိရသည်။ ယင်းသို့ ရော်ဘာဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ရော်ဘာအဓိကထုတ်လုပ်သော နိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဆောင်းရာသီသို့ ဝင်ရောက်လာသောကြောင့်ဟု Hindu Businessline သတင်းဌာန က မတ်လ ၂၈ ရက်နေ့က ဖော်ပြ သည်။

၂၀၂၁ ခုနှစ်က ကုန်ကြမ်းရှားပါးမှုနှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် သဘာဝရော်ဘာဈေးနှုန်းမှာ ရူပီး ၁၉၁ အထိ စံချိန်တင်မြင့်တက်သွားခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက် ဈေးကွက်တွင် ယခုနှစ် မတ်လ ၁၈ ရက်နေ့က မှိုင်းခံရော်ဘာ အဆင့်-၃(RSS 3)၏ဈေးနှုန်း ရူပီး ၂၃၁ အထိမြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် ရူပီး ၂၁၁ သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ မော်တော်ကားတာယာထုတ်လုပ်ရေးကုမ္ပဏီများသည် အပြည်ပြည်ဆိုင်ရာဈေးနှုန်းများမြင့်တက်လာသည့်အတွက် သဘာဝရော်ဘာကို ပြည်တွင်းဈေးကွက်မှ ပြောင်းလဲဝယ်ယူလျက်ရှိကြောင်း၊ လတ်တလောတွင် လုပ်ငန်းများရပ်နားထားသည့်အချိန်(off-season)နှင့်တိုက်ဆိုင်နေပြီး၊ ရောင်းလိုအားလည်း ခိုင်မာနေသည့် အတွက် ပြည်တွင်းရော်ဘာဈေးနှုန်းများတည်ငြိမ်ရန် မျှော်လင့်ထားသည်ဟု အိန္ဒိယရော်ဘာရောင်းချသူများအသင်းချုပ်(Indian Rubber Dealers Federation) ဥက္ကဌက ပြောကြားခဲ့သည်။

ပြည်တွင်းရာဘာထုတ်လုပ်မှုအနေဖြင့် လက်ရှိတွင် အပူချိန်မြင့်မားမှုကြောင့် လျော့ကျလျက်ရှိပြီး ယခုဘဏ္ဍာနှစ်ကုန်တွင် ၈၅၀၀၀၀ တန်သို့ ရောက်ရှိရန်မျှော်မှန်းထားကြောင်းနှင့် ဈေးကွက်အတွင်း ရော်ဘာရရှိနိုင်မှုဆက်လက်လျော့ကျလာဖွယ်ရှိပြီး၊ ယင်းအချက်ကြောင့် ဧပြီလအတွင်း ဈေးနှုန်းများပြန်လည်မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

သို့သော် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်၌ ကုန်ကြမ်းပစ္စည်းရှားပါးလာမှုကြောင့် လတ်တလောတွင် ဈေးနှုန်းကျဆင်းမှုသည် ရေရှည်တောင့်ခံထားနိုင်ဖွယ်မရှိကြောင်းနှင့် RSS အဆင့် သဘာဝရော်ဘာများ ပြည်ပသို့တင်ပို့ခြင်းကို အမှတ်တံဆိပ်မြှင့်တင်ပေးမည့် အိန္ဒိယရော်ဘာဘုတ်အဖွဲ့(Rubber Board)၏မက်လုံးပေးအစီအစဉ်ကြောင့်လည်း ကာလတိုအတွင်း ဈေးနှုန်းများမြင့်တက်ဖွယ်ရှိကြောင်း သိရသည်။

ရည်ညွှန်း။  The Hindu Businessline, Natural rubber prices head north after 3 years on global cues, March 28, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News