International News

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ကုန်လက်ကျန်အခြေအနေကို အပတ်စဉ်ထုတ်ဖေါ် တင်ပြအတည်ပြုသွားရန် ညွှန်ကြားချက်ထုတ်ပြန်

Last Updated:

အိန္ဒိယနိုင်ငံရှိ ကုန်စည်ဒိုင်၊ လက်လီလက်ကားဆိုင်ကြီးများနှင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ကုန်လက်ကျန်အခြေအနေကို အပတ်စဉ်ထုတ်ဖေါ်တင်ပြအတည်ပြုသွားရန် အိန္ဒိယနိုင်ငံစားသုံးသူရေးရာဦးစီးဌာနက ပြည်နယ်အားလုံးနှင့် ပြည်ထောင်စုနယ်မြေအားလုံးအား ယခုလ(၁၀)ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဓိကကုန်တင်ကုန်ချဆိပ်ကမ်းများနှင့် ပဲမျိုးစုံအရောင်းအဝယ်ဗဟိုဌာနများရှိ ကုန်လှောင်ရုံများရှိ ကုန်စည်လက်ကျန်အခြေအနေကို အချိန်နှင့်တစ်ပြေးညီ အစိုးရ၏တရားဝင်လွှင့်တင်ထားသော အွန်လိုင်းပေါ်တယ်မှတစ်ဆင့် တင်ပြရန်နှင့် ယင်းသို့တင်ပြရာတွင် မမှန်မကန်ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု အဆိုပါတရားဝင်ညွှန်ကြားစာ၌ ဖော်ပြထားကြောင်း သိရသည်။

ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ဈေးနှုန်းများပြောင်းလဲမှုအခြေအနေနှင့် မလိုလားအပ်သောဈေးကွက်အခြေအနေများမဖြစ်ပေါ်စေရန် မပြတ်စောင့်ကြည့်ထိန်းချုပ်သွားကြဖို့ အိန္ဒိယနိုင်ငံစားသုံးသူရေးရာဦးစီးဌာန၊ အတွင်းဝန် Nidhi Khare က ပြည်နယ်နှင့် ခရိုင်အဆင့်အတွင်းဝန်များနှင့် ဌာနတာဝန်ခံများအား ညွှန်ကြားထားကြောင်း သိရသည်။

အဓိကပဲ(၅)မျိုးဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲနီလေးတို့အပြင် ပြည်ပမှ တင်သွင်းထားသော စားတော်ပဲ(Yellow peas)၏ ကုန်စည်လက်ကျန်အခြေအနေနှင့် သိုလှောင်ထားရှိမှုပမာဏကိုလည်း စောင့်ကြည့်ထိန်းချုပ်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။

ထို့အပြင် အတွင်းဝန် Khare သည် ပဲမျိုးစုံတင်သွင်းမှုနှင့် ကုန်လက်ကျန်အခြေအနေထုတ်ဖေါ်တင်ပြမှုနှင့်စပ်လျဉ်းသောကိစ္စရပ်များအားဆွေးနွေးရန် ပဲမျိုးစုံသွင်းကုန်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့်အခြားပဲလုပ်ငန်းကိုယ်စားလှယ် များနှင့် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။

စားတော်ပဲ(Yellow peas)အပါအဝင် ပဲမျိုးစုံလက်ဝယ်သိုလှောင်မှုနှင့် ပဲလက်ကျန်အခြေအနေကို အပတ်စဉ်ပုံမှန်တင်ပြသွားရန် သွင်းကုန်လုပ်ငန်းရှင်များနှင့် ပဲလုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင်များအား တောင်းဆိုထားကြောင်း သိရသည်။ ယင်းသို့တင်ပြရာတွင် စားသုံးသူရေးရာဌာန၏အွန်လိုင်းပေါ်တယ်တစ်ခုဖြစ်သော https:// fcainfoweb.nic.in/psp/ မှတစ်ဆင့်တင်ပြနိုင်ပြီး၊ စားတော်ပဲ(Yellow peas) နှင့် လက်လီအရောင်းဆိုင်လုပ်ငန်းကြီးများလည်းကို ထည့်သွင်းသွားမည်ဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှစ၍ ယင်းသို့လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ပဲမျိုးစုံဝယ်ယူရရှိနိုင်ရေးအတွက် စားတော်ပဲ(Yellow Peas)ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ပမှတင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ Khare က အဆိုပါ ပြည်ပမှတင်သွင်းထားသောပဲများကို ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ်ဖြန့်ဖြူးရောင်းချပေးသွားရန်နှင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးများကိုလည်း အဆင်ပြေချောမွေ့စွာပုံမှန်ဖြန့်ဖြူးရောင်းချပေးခြင်းရှိ/မရှိ အဆိုပါပဲများကို တင်သွင်းသူများအား စောင့်ကြည့်လေ့လာသွားရန် သက်ဆိုင်ရာကို ဖိအားပေးထားကြောင်း သိရသည်။

ရည်ညွှန်း။  The Hindu Businessline, Centre tells States to enforce weekly stock disclosure of pulses, April 10, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News