International News

အိန္ဒိယနိုင်ငံတွင် အစိုးရသစ်၏ ရက် ၁၀၀  အစီအစဉ်အတွက် အဓိကဝန်ကြီးဌာနများမှ တာဝန်ရှိသူများ သောကြာနေ့တွင် တွေ့ဆုံမည်

Last Updated:

အိန္ဒိယနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအပြီး တာဝန်ယူမည့် အစိုးရသစ်၏ပထမရက် ၁၀၀ စီးပွားရေးဆိုင်ရာအစီအစဉ်ကိုဆွေးနွေးရန်အတွက် အစိုးရအဖွဲ့အတွင်းရေးမှုးသည် အရေးကြီးသော စီးပွားရေးဝန်ကြီးဌာနများမှတာဝန်ရှိသူများနှင့်တွေ့ဆုံရန် သောကြာနေ့တွင် စီစဉ်ထားကြောင်းသိရသည်။

ယင်းတွေ့ဆုံပွဲသို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီးဌာနများအပါအဝင် တာဝန်ရှိသူများတက်ရောက်ကြမည်ဖြစ်ကြောင်း၊တွေ့ဆုံပွဲတွင် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်(GST)ကောက်ခံမှုနှုန်းထားများ၊လူမွဲခံယူမှုဆိုင်ရာ ဥပဒေပြင်ဆင်ရေးများနှင့် လက်ရှိစိန်ခေါ်မှုအခက်အခဲများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၉ ရက်က ထုတ်ပြန်ခဲ့သော ပထမကြိုတင်ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် ၂၀၂၃-၂၄ ခုနှစ်တွင် ၇.၆ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်းထားကြောင်းနှင့် နိုင်ငံသည် ရေနံစိမ်းစျေးနှုန်းမတည်ငြိမ်မှုများ၊ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုနှင့် ပထဝီဝင်နိုင်ငံရေးယိုယွင်းနေသည့် အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်းနှင့် အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ဌာနဆိုင်ရာများမှ အသေးစိတ်ရှင်းလင်းတင်ပြကြမည်ဖြစ် ကြောင်း သိရသည်။

အစည်းအဝေးပထမအပိုင်းတွင် ပြီးခဲ့သည့်ငါးနှစ်အတွင်း ဝန်ကြီးဌာနများ၏အားသာချက်၊ အားနည်းချက်များ၊ ဒုတိယပိုင်းတွင် အစိုးရသစ်၏ပထမရက်(၁၀၀)အတွက် လက်ရှိစိန်ခေါ်မှုများ၊  မူဝါဒများနှင့် ဆောင်ရွက်မည့်အစီ အစဉ်များဆွေးနွေးသွားမည်ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးက ပြောကြားထားသည်။ အဆိုပါအစည်းအဝေးတွင် Covid-19 နှင့်ပထဝီနိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများကြောင့် အစိုးရအနေဖြင့် ကောင်းမွန်စွာအကောင် အထည်ဖော်နိုင်ခြင်းမရှိသောစီမံကိန်းများနှင့် ဆိုင်းငံ့ထားသောအရေးကြီးသည့်စီမံကိန်းများကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနများသည် လာမည့်ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၀ အတွက် အစီအစဉ်တစ်ခုအပြင် နိုင်ငံအား ၂၀၄၇ ခုနှစ်တွင် Viksit Bharat(ဖွံ့ဖြိုးပြီးနိုင်ငံ)အဖြစ်သို့ ပြောင်းလဲရန်အတွက် မျှော်မှန်းချက်စာတမ်းကို ရေးဆွဲနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကို ဧပြီလ ၁၉ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး မဲရေတွက်ခြင်းကို ဇွန်လ ၄ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်သည်။

Source: Rising prices: Traders may be asked to declare stocks of yellow peas, tur and urad dal regularly, The Economic Times, 05 April 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News