International News

၂၀၂၄ ပထမ(၃)လတွင် သီဟိုဠ်စေ့တင်ပို့မှုမှ အမေရိကန်‌ဒေါ်လာ(၅၄၃)သန်းရရှိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ပထမ(၃)လတာ ကာလတွင် ပြည်ပသို့ သီဟိုဠ်စေ့ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ(၅၄၃)သန်းရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်း၏ အစီအရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့စုစုပေါင်းထုတ်လုပ်မှုတန်ချိန်(၄၇၄၀၀၀)ထဲမှ တန်ချိန် (၄၂၄၀၀၀)ကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သီဟိုဠ်စေ့အသင်း ဥက္ကဋ္ဌက နိုင်ငံတကာစျေးကွက်တွင် ဝယ်လိုအားမြင့်တက်လာခြင်းကျေးဇူးကြောင့် ယခုကဲ့သို့တင်ပို့မှု တန်ဖိုးမြင့်တက်လာခြင်းဖြစ်ကြောင်း၊ အချို့သီဟိုဠ်စေ့ထုတ်လုပ်သည့် နိုင်ငံများမှာ ရာသီဥတုဆိုးရွားမှု၏ သက်ရောက်မှုကို ခံခဲ့ရကြောင်း၊ အာရှနှင့်အာဖရိကရှိအချို့ သီဟိုဠ်စေ့ ထုတ်လုပ်သည့်နိုင်ငံများမှာ အယ်နီညိုသက်ရောက်မှုကြောင့် သီဟိုဠ်စေ့စျေးနှုန်း မြင့်တက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးရေး၊ သစ်တောနှင့်ငါး လုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရနိုင်ငံ၏ စီရင်စုဆယ်စုတွင်သီဟိုဠ်စေ့စိုက်ခင်း(၇၀၀၀၀၀) ဟတ်တာရှိကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံအစိုးရကလည်း သီဟိုဠ်စေ့စျေးကွက်ကို အာရုံစိုက်ထားပီး နိုင်ငံတော် သီဟိုဠ်စေ့မူဝါဒ(၂၀၂၂-၂၀၂၇)ကိုထုတ်ပြန်ထားပါသည်။ အဆိုပါမူဝါဒသည် ထုတ်လုပ်ခြင်း၊ စျေးကွက်ဝင်ရန် ပြင်ဆင်ခြင်း၊ တင်ပို့ခြင်းစသည့် အဓိကဗျူဟာမြောက်ရည်မှန်းချက် (၃)ခုကို အဆင့်မြှင့်တင်ရန် ပုံစံထုတ်ထားခြင်းဖြစ်ပါသည်။ သီဟိုဠ်စေ့အသင်းဥက္ကဋ္ဌ၏ အဆိုအရ ပြည်တွင်းသီဟိုဠ်စေ့ထုတ်လုပ်မှုမှာအဆိုပါမူဝါဒ ထုတ်ပြန်ပြီးချိန်တွင်  (၅)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း သိရပါသည်။

Source: Khmer Times       

Source: https://www.doca.gov.mm

Category: International News