International News

Japan-EU High-Level Economic Dialogue ကျင်းပခဲ့

Last Updated:

ဂျပန်-အီးယူအဆင့်မြင့်အရာရှိကြီးများအကြား စီးပွားရေးဆွေးနွေးပွဲ(Japan-EU High-Level Economic Dialogue)ကို မေလ ၂ ရက်နေ့တွင်ကျင်းပခဲ့ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးမှုအဖွဲ့အစည်း(OECD)၏ ဝန်ကြီးများအဆင့်ကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Ms. Kamikawa Yoko ၊ ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Mr. Saito Ken နှင့် အီးယူ၏ ဒုတိယအကြီးအကဲဖြစ်သူ Mr. Valdis Dombrovskis တို့တက်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂-၅-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံနှင့်အီးယူအကြား သတင်းအချက်အလက်များလွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်(Japan-EU Economic Partnership Agreement)ကို ပြင်ဆင်နိုင်ရေး၊ “Transparent, Resilient and Sustainable Supply Chains Initiative” ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဥပဒေစိုးမိုးမှုကို အခြေပြုသော နိုင်ငံတကာကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းနိုင်ရေးနှင့် ပိုမိုအားကောင်းလာစေရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ၌ ဂျပန်လွှတ်တော်အနေဖြင့် ဂျပန်နိုင်ငံနှင့် အီးယူအကြား သတင်းအချက်အလက်များလွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်(Japan-EU EPA)ကို ပြင်ဆင်ရေးကိစ္စအား အတည်ပြုပြီးဖြစ်ပါကြောင်းနှင့် နှစ်ဖက်ပူးပေါင်း၍ အဆိုပါ Protocol အား ဆောလျင်စွာအသက်ဝင်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးလုံခြုံမှုရှိစေရေးအတွက် အီးယူနှင့် ဂျပန်နိုင်ငံတို့မှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊ ဂျပန်နှင့် အီးယူကဲ့သို့သော စိတ်သဘာထားညီမျှသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ကြံ့ခိုင်ရည်ရှိပြီး ယုံကြည်စိတ်ချရသော ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ဖြစ်စေရေး၊ မဟာဗျူဟာကျသည့် ထုတ်ကုန်များအတွက် အခြားနိုင်ငံများအပေါ် မှီခိုနေရမှုများနှင့် ထိခိုက်လွယ်မှုအခြေအနေများကို အတူတကွလက်တွဲကျော်လွှားနိုင်ရေးအတွက် “Transparent, Resilient and Sustainable Supply Chains Initiative” အစီအစဉ်အောက်မှ  ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ အီးယူနှင့်ဂျပန်နိုင်ငံအကြား အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ(Dispute Settlement (DS)Reform)၊ ငါးလုပ်ငန်းကဏ္ဍအတွက် ပံ့ပိုးပေးမှုဆိုင်ရာ ညှိနှိုင်းမှုများ(Fisheries Subsidy Negotiations)နှင့် E-commerce ဆိုင်ရာ ကဏ္ဍများတွင် အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါသည်။

အီးယူနိုင်ငံများအတွင်းသို့ တင်သွင်းလာသည့် ကုန်စည်များအား ထုတ်ပိုးသည့် စွန့်ပစ်အမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ထုတ်ပိုးတင်သွင်းရမည့်သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ အီးယူမှ EU’s Packaging and Packaging Waste Regulation(PPWR)ချမှတ်ရာတွင် ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ပေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲတိုက်တွန်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။    

Source: Ministry of Foreign Affairs, Japan

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News