International News

အိန္ဒိယနိုင်ငံသည် Chabahar ဆိပ်ကမ်းလည်ပတ်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အီရန်နိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုး

Last Updated:

အိန္ဒိယနိုင်ငံသည် မဟာဗျူဟာမြောက် Chabahar ဆိပ်ကမ်းလည်ပတ်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အီရန်နိုင်ငံနှင့် ကာလရှည်သဘောတူညီချက်တစ်ခုအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း Bloomberg သတင်းဌာနက ယခုလ (၁၃) ရက်နေ့က ဖော်ပြသည်။

အဆိုပါသဘောတူညီချက်အား အိန္ဒိယဆိပ်ကမ်းနှင့် ရေလမ်းသွားလာရေးဝန်ကြီး Sarbananda Sonowal က ယခုလ ၁၃ ရက်နေ့တွင် တီဟီရန်နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ဆိပ်ကမ်းကုန်တင်ကုန်ချဂိတ်တစ်ခုတည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၂၅၀ သန်းချေးငွေထောက်ပံ့ပေးရန် အီရန်ကို ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်သည် ၁၀ နှစ်သက်တမ်းရှိမည်ဖြစ်ပြီး အိန္ဒိယနှင့် အီရန်နှစ်နိုင်ငံအကြား အချိတ်အဆက်တစ်ခုအဖြစ်သာမက အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့ရောင်းလိုအားကွင်းဆက်နှင့် ပင်လယ်ရေကြောင်းသွားလာရေးကဏ္ဍသို့ ခြေလှမ်းချဲ့ထွင်စေနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး Sonowal က ပြောကြားခဲ့သည်။

Chabahar ဆိပ်ကမ်းသည် အိန္ဒိယကုန်စည်များအတွက် အပြည်ပြည်ဆိုင်ရာ တောင်-မြောက်သယ်ယူပို့ဆောင်ရေးစင်္ကြံ(International North-South Transport Corridor)ကို ဖြတ်လျက် အာဖဂန်နစ္စတန်နိုင်ငံနှင့် ဗဟိုအာရှဒေသများအထိ ရောက်ရှိနိုင်မည့် ဝင်ပေါက်တစ်ခုဖြစ်သည်။ အဆိုပါစင်္ကြံကို အီရန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က အိန္ဒိယ၏ ပြိုက်ဖက်ဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်သည့် ပါကစ္စတန်နိုင်ငံကို ဖြတ်ကျော်လျက် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်သည် Chabahar ဆိပ်ကမ်းရှိ Shahid Beheshti ကုန်တင်ကုန်ချဂိတ်တွင် အိန္ဒိယမှ လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေးပါဝင်ပြီး၊နှစ်စဉ်သက်တမ်းတိုးနေရသည့် ၂၀၁၆ ခုနှစ် မူလသဘောတူညီချက်အား အစားထိုးချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် လွန်ခဲ့သောနှစ်က Chabahar ကိုဖြတ်လျက် အာဖဂန်နစ္စတန်နိုင်ငံသို့ ဂျုံ ၂၀၀၀၀ တန်အကူအညီအား ပေးပို့ခဲ့သည်။ ၂၀၂၁ ခုနှစ်က သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့်ပိုးသတ်ဆေးများကို အီရန်နိုင်ငံသို့တင်ပို့ရာတွင် အဆိုပါဆိပ်ကမ်းအား အသုံးပြုခဲ့ကြောင်း သိရသည်။

“ယခုသဘောတူညီချက်အသစ်က ဆိပ်ကမ်းနှင့်စပ်လျဉ်း၍ ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်ဖို့ ရှင်းလင်းတဲ့လမ်းကြောင်း တစ်ခုဖြစ်ပါတယ်။” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ဝန်ကြီး Subrahmanyam Jaishankar မွန်ဘိုင်းမြို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ရေရှည်သဘောတူညီချက်မရရှိဘဲ ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် ခက်ခဲကြောင်းနှင့် မကြာမီ ၎င်းဆိပ်ကမ်းမှတစ်ဆင့် ချိတ်ဆက်သွားလာမှုများ ထွက်ပေါ်လာတော့မှာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်တွင် အီရန်သမ္မတ Muhammad Khatami အိန္ဒိယနိုင်ငံသို့ အလည်အပတ်လာရောက်စဉ် အဆိုပါဆိပ်ကမ်းနှင့်အတူ ဆက်စပ်သောအခြေခံအဆောက်အအုံများကို တည်ဆောက်ရန် အိန္ဒိယနိုင်ငံမှ သဘောတူညီခဲ့ရာမှစတင်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစတင်ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ၎င်းစီမံကိန်းမှာ အီရန်နိုင်ငံအား စီးပွားရေးပိတ်ဆို့ခံရမှုအပါအဝင် အကြောင်းကြောင်းကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အီရန်နှင့် စီးပွားရေးဆက်ဆံဆောင်ရွက်နေသည့် မည်သည့်နိုင်ငံမဆို စီးပွားရေးအရ ပိတ်ဆို့ခံရဖွယ်ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ သတိပေးချက်ထွက်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး S Jaishankar က Chabahar ဆိပ်ကမ်းသည် ဒေသတစ်ခုလုံးကို အကျိုးရှိစေမှာဖြစ်သည့်အတွက် ကျဉ်းမြောင်းသောအမြင်ဖြင့် မရှုမြင်သင့်ဟု ကော်လ်ကတ္တားမြို့တွင် ပြုလုပ်ခဲ့သော အစီအစဉ်တစ်ခု၏အင်တာဗျူးတစ်ခု၌ တုံ့ပြန်ပြောကြားခဲ့ကြောင်း Business Today သတင်းဌာနက ယခုလ ၁၅ ရက်နေ့က ဖော်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စုကိုယ်တိုင် ယခင်က အဆိုပါဆိပ်ကမ်းသည် ကျယ်ပြန့်သော လိုက်လျောညီထွေမှုရှိသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ခဲ့ဖူးကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းသွားလာရေးလမ်းကြောင်းများကို အစဉ်တစ်စိုက်ချဲ့ထွင်လျက်ရှိပြီး၊ ယခု Chabahar ဆိပ်ကမ်းဆိုင်ရာသဘောတူညီချက်သည် အိန္ဒိယကုန်စည်များအတွက် အာဖဂန်နစ္စတန်နိုင်ငံနှင့် ဗဟိုအာရှဒေသများအထိ ရောက်ရှိနိုင်မည့် ဝင်ပေါက်တစ်ခုအား ချဲ့ထွင်ခဲ့ခြင်းဖြစ်ပါသည်။

ရည်ညွှန်း။          Business Today, EAM Jaishankar on US warning: 'Chabahar port will benefit entire region, should not take a narrow view of it', May 17, 2024.

Bloomberg, India Signs Iran Port Deal to Expand Central Asia Trade, May 13, 2024.  

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News