ထိုင်းအစိုးရအနေဖြင့် ရန်ပုံငွေ ဘတ် ၁ ထရီလီယံကျော်ကုန်ကျမည့် Land Bridge(မဟာကုန်းတွင်းတံတား)မဟာစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အမျိုးသားဂျီဒီပီ(GDP)တိုးတက်မှုနှင့်စီးပွားရေးအကျိုး အမြတ်များကိုသာ အဓိကထားပြောဆိုလေ့ရှိသည်။ သို့သော်လည်း ပြီးခဲ့သည့်အပတ်က ဝန်ကြီးချုပ် အနုတင်အစိုးရသည် ပြည်သူလူထု၏ ကန့်ကွက်မှုများကြောင့် ယခုစီမံကိန်းကို ယာယီဆိုင်းငံ့ရန်ဆုံးဖြတ်ခဲ့ပြီး ပထဝီနိုင်ငံရေး၊ ပတ်ဝန်းကျင်နှင့် စီးပွားရေးတွက်ခြေကိုက်မှုများကို ပြန်လည်သုံးသပ်ရန်ကတိပြုခဲ့သည်။ ဤအခြေအနေသည် စီမံကိန်း၏ ပကတိတန်ဖိုးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုကြောင့်ဆုံးရှုံးရမည့် သဘာဝသယံ ဇာတကုန်ကျစရိတ်များကို ပြန်လည်ဆန်းစစ်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ယခု Land Bridge စီမံကိန်းအတွက် ပင်လယ်မြက်ခင်းမြေ ၁၄,၃၄၉ ရိုင်၊ လမုတော ၂၁၈,၀၀၀ ရိုင်နှင့် အက်ဒမန်ပင်လယ်ပြင်၏ ဇီဝမျိုးစုံမျိုးကွဲများကို ရင်းနှီးမြှုပ်နှံရန် လောင်းကြေးထပ်နေရသည်။ ဤအဏ္ဏဝါဂေဟစနစ်များသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကမ်းရိုးတန်းကာကွယ်ရေးတို့ကို ပံ့ပိုးပေးနေသည့် အဓိကအရင်းအမြစ်များဖြစ်ပြီး၊ စာရင်းဇယားများတွင် ထည့်သွင်းတွက်ချက်လေ့မရှိသော်လည်း အမှန်တကယ်ကြီးမားသော စီးပွားရေးတန်ဖိုးများရှိနေသည်။ ထို့ကြောင့် သဘာဝတရားကို စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖျက်ဆီးရမည့်အရာအဖြစ် မရှုမြင်ဘဲ၊ နိုင်ငံတော် ၏ဘဏ္ဍာရေးပိုင်ဆိုင်မှုတစ်ရပ်(Natural Capital)အဖြစ် တန်ဖိုးဖြတ်ကာ ရေရှည်အကျိုးအမြတ်အတွက် အသုံးချသင့်ကြောင်း ပညာရှင်များက ထောက်ပြလာကြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(OECD)သို့ဝင်ရောက်ရန် ကြိုးပမ်းနေသဖြင့် ကာဗွန်နည်းပါးသော စီးပွားရေးစနစ်သို့ ကူးပြောင်းရန်နှင့် OECD စံနှုန်းများနှင့်အညီ ရေရှည်တည်တံ့မည့် ရာသီဥတုမျှတသော မူဝါဒများကို ချမှတ်ရန် လိုအပ်နေသည်။ စီမံကိန်းတည်ရှိရာ ရနောင်းနှင့် ချွန်ဖွန်ဒေသရှိ လမုတောများနှင့် ပင်လယ်မြက်ခင်းများကို ကာကွယ်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ အပြာရောင်ဘဏ္ဍာရေးစနစ်(Blue Finance)များနှင့် ချိတ်ဆက်ကာ အစိုးရအတွက် ဝင်ငွေရှာဖွေနိုင်သည့် အလားအလာများရှိနေသည်။
ကမ္ဘာတစ်ဝန်းတွင် "သဘာဝဘဏ္ဍာရေး(Nature Finance)"စနစ်ကို လက်တွေ့ကျသုံးပြီး အောင်မြင်နေသည့် သာဓကများစွာရှိသည်။ ဆေးရှဲလ်(Seychelles)နိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နှင့်ပူးပေါင်းကာ အစိုးရကြွေးမြီ အမေရိကန်ဒေါ်လာ ၂၁.၆ သန်း(ဘတ် ၇၁၅.၈ သန်း)ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ ကမ္ဘာ့ပထဝီပထမဆုံးအချုပ်အခြာအာဏာပိုင်"အပြာရောင်ဘွန်း(Sovereign Blue Bond)" ကိုမိတ်ဆက်ကာ ရေလုပ်ငန်းနှင့် ပင်လယ်ပြင်ကာကွယ်ရေးအတွက် ရန်ပုံငွေရှာဖွေနိုင်ခဲ့သည်။အလားတူပင်ဘီလိဇ်(Belize)နိုင်ငံသည် ဘတ် ၁၈ ဘီလီယံမှ ၂၀ ဘီလီယံခန့်ရှိသော ကြွေးမြီများကို သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် ပြန်လည်ဖွဲ့စည်းခဲ့သလို၊ အီကွေဒေါ (Ecuador)နိုင်ငံသည်လည်း ဂါလာပါဂိုးကျွန်းစုများ ကာကွယ်ရန်အတွက် ဘတ် ၅၀ ဘီလီယံမှ ၅၅ ဘီလီယံခန့်တန်ဖိုးရှိသော Debt-for-nature(ကြွေးမြီနှင့်သဘာဝလဲလှယ်ခြင်း)စနစ်ကို အောင်မြင်စွာ ကျင့်သုံးခဲ့သည်။
ထိုင်းနိုင်ငံသည်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ရေလုပ်ငန်းအပေါ် များစွာမှီခိုနေရသဖြင့် အဆိုပါနိုင်ငံများကဲ့သို့ သဘာဝတရားကို ကုန်ခမ်းသွားမည့်အရာအဖြစ်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲရှုမြင်သင့်သည်။ အစိုးရအနေဖြင့် ကွန်ကရစ်မဟာစီမံကိန်းကြီးများတွင် ငွေကြေးအမြောက်အမြားအသုံးပြုမည့်အစား ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း၊ သန့်စင်သော စက်မှုလုပ်ငန်းများနှင့် ရာသီဥတုဒဏ်ခံနိုင်မည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ ထိုင်းနိုင်ငံတွင် ရေလုပ်ငန်းနှင့် ကမ်းရိုးတန်းအရင်းအမြစ်ဦးစီးဌာန၏ COAST စီမံကိန်းနှင့် အမျိုးသားဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စီမံချက်များရှိနှင့်ပြီးဖြစ်၍ သဘာဝဘဏ္ဍာရေးစနစ်ကို အလွယ်တကူတိုးချဲ့လုပ်ဆောင်နိုင် သည်။ ရေရှည်တွင် ဂျီဒီပီ(GDP)တစ်ခုတည်းကသာ စီးပွားရေးတိုးတက်မှုကို တိုင်းတာနိုင်တော့မည်မဟုတ်ဘဲ၊ သဘာဝပိုင်ဆိုင်မှုများကို ထိန်းသိမ်းခြင်းကသာ ထိုင်းနိုင်ငံ၏ စီးပွားရေးကို ရေရှည်ရှင်သန် ကြံ့ခိုင်စေမည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြထားပါသည်။
မြန်မာ့စီးပွားရေးနှင့် ထားဝယ်အထူးစီးပွားရေးဇုန်(DSEZ)အတွက် မဟာ ဗျူဟာမြောက်သုံးသပ်ချက်
ထိုင်းနိုင်ငံက Land Bridge စီမံကိန်းကို ယာယီရပ်ဆိုင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာဗွန်လျှော့ချရေး(OECDစံနှုန်းများ) ဘက်သို့လှည့်လာခြင်းသည် မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်(Dawei Special Economic Zone-DSEZ)အတွက်မဟာဗျူဟာမြောက်ကမ်းလှမ်းချက်အသစ်တစ်ခုဖြစ်လာ နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံ၏ Land Bridge နှင့် မြန်မာနိုင်ငံ၏ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတို့သည် မလက္ကာရေလက်ကြားကို အသုံးမပြုဘဲ အိန္ဒိယသမုဒ္ဒရာ(အက်ဒမန်ပင်လယ်)နှင့် ပစိဖိတ်သမုဒ္ဒရာ(ထိုင်းကွေ့)တို့ကို ကုန်းလမ်းကြောင်းဖြင့် အချိန်တိုအတွင်းချိတ်ဆက်ရန်ဟူသော တူညီသည့်ရည်ရွယ်ချက်ကို ဦးတည်နေခြင်းကြောင့်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ စီမံကိန်းသည် ကုန်းတွင်း၌ ကုန်စည်များကို သင်္ဘောပေါ်မှချ၊ ကုန်းလမ်းဖြင့်သယ်ကာ တစ်ဖက်ပင်လယ်တွင် သင်္ဘောပေါ်ပြန်တင်ရမည့် အဆင့်ဆင့်သော သယ်ယူပို့ဆောင်ရေးစရိတ်(Double Handling Costs)အပြင်၊ သဘာဝပတ်ဝန်းကျင်အကြီးအကျယ်ပျက်စီးမည့် စိန်ခေါ်မှုများကြောင့် ရုန်းကန်နေရချိန်တွင် မြန်မာနိုင်ငံ၏ထားဝယ်စီမံကိန်းသည် ရေနက်ဆိပ်ကမ်းအစစ်အမှန်အဖြစ် တိုက်ရိုက်ရပ်တည်နိုင်သည့် အားသာချက်ရှိသည်။ အကယ်၍ ထိုင်းအစိုးရက Land Bridge ကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် လုံးဝဖျက်သိမ်းရန်ဦးတည်သွားပါက၊ ၎င်းတို့၏ စက်မှုလုပ်ငန်းများနှင့် ဒေသတွင်းကုန်သွယ်ရေးကွန်ရက်ကြီးတစ်ခုလုံးသည် အိန္ဒိယသမုဒ္ဒရာဘက်သို့ထွက်ပေါက်အဖြစ် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ကုန်းလမ်းဆက်သွယ်ရေးစင်္ကြံပေါ်သို့ ပြန်လည်အာရုံစိုက်လာရန် ခိုင်မာသောအကြောင်းရင်းဖြစ်လာနိုင်ပါ သည်။
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)