အိုမန်နိုင်ငံသည် ပြည်တွင်းစားရေရိက္ခာဖူလုံမှုအားကောင်းစေရန်နှင့်ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များလျှော့ချနိုင်ရန်အိန္ဒိယနှင့်အိုမန်နိုင်ငံတို့အကြားပြေးဆွဲနေသော Asyad သင်္ဘောလိုင်း၏ စားသောက် ကုန်သယ်ယူမှုလမ်းကြောင်းအတွက် လောင်စာဆီနှင့်အာမခံစရိတ်၏ ၅၀ ရာခိုင်နှုန်းအား ၆ လအထိ အိုမန်အစိုးရက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော အိုမန်အစိုးရ၏ ထောက်ပံ့ရေးအစီအမံသည် နိုင်ငံအတွင်းသို့ အရေးကြီးစားသောက်ကုန်များထောက်ပံ့မှုသေချာစေရန်၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တိုးတက်စေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များမြင့်တက်နေခြင်း၏ သက်ရောက်မှုလျော့ပါးသက်သာစေရန်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
အိုမန်နိုင်ငံသို့ အရေးကြီးစားသောက်ကုန်များတင်သွင်းရာ၌ ကုန်ကျ စရိတ်သက်သာစေရေး အကူအညီပေးခြင်းဖြင့် အစိုးရအထောက်အပံ့ ပေးမှုအစီအစဉ်၏ တန်ဖိုးအပြည့်အဝကို အစားအသောက်ကုန်သေတ္တာများသယ်ဆောင်သည့် သင်္ဘောလိုင်းလုပ်ငန်းများတိုက်ရိုက်ရရှိခံစားနိုင်စေရန်ဆောင်ရွက်သွားမည်ဟု အိုမန်၏နိုင်ငံပိုင်သင်္ဘောလိုင်း Asyad က ပြောကြားခဲ့ကြောင်း သိရပါသည်။
Asyad သင်္ဘောလိုင်းကုမ္ပဏီအနေဖြင့် လက်ရှိတွင် အိန္ဒိယ-အိုမန်ကုန်သွယ်ရေးလမ်းကြောင်း၌ ကွန်တိန်နာတင်သင်္ဘောပြေးဆွဲလျက်ရှိပြီး၊ ၆ လကြာ အစိုးရအထောက်အပံ့အစီအစဉ်မှာ ၎င်းတို့ကုမ္ပဏီ၏ သင်္ဘောလိုင်းလုပ်ငန်းအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။
အိန္ဒိယနှင့် အိုမန်အကြား သင်္ဘောလမ်းကြောင်းမှာ အိုမန်နိုင်ငံအတွက် စားသောက်ကုန်တင်သွင်းမှုအဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး၊ ဆန်၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ အသား၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ဟင်းခတ်အမွှေးအကြိုင်နှင့် ပြုပြင်ထုတ်လုပ်ထားသော စားသောက် ကုန်များအပါအဝင် အိုမန်နိုင်ငံ၏ အရေးပါသောကုန်စည်များအား အဆိုပါလမ်းကြောင်းမှ တင်သွင်းလျက်ရှိကြောင်း သိရပါသည်။
အဆိုပါထောက်ပံ့မှုအစီအစဉ်သည် အိုမန်နိုင်ငံ၏ စားရေရိက္ခာဖူလုံရေး၊ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်အားကောင်းလာစေရေးနှင့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအပေါ် ကမ္ဘာ့စီးပွားရေးအဟန့်အတားများ၏သက်ရောက်မှု လျော့ပါးသက်သာစေရေးရည်ရွယ်ချက်များဖြင့် အိုမန်နိုင်ငံ ဝန်ကြီးချုပ် Sultan Haitham က ချမှတ်ခဲ့သည့် စီးပွားရေးဆိုင်ရာ အထောက်ပံ့အစီ အစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။
(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)