International News

တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဉာဏ်ရည်တု၊ Quantum နည်းပညာနှင့်သန့်ရှင်းသော စွမ်းအင်ဆိုင်ရာ နည်းပညာများတွင် ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်သွားမည်

Last Updated:

ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒအနေဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့်ခရီးစဉ်အတွင်း US-Japan Business Council နှင့် U.S. Chamber of Commerce တို့မှ ဦးဆောင်ကျင်းပသည့် အမေရိကန်စီးပွားရေးခေါင်းဆောင်များနှင့်တွေ့ဆုံပွဲသို့ ၉-၄-၂၀၂၄ ရက်နေ့တွင် တက်ရောက်ခဲ့ပြီး အရေးပါသည့် နည်းပညာဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ၉-၄-၂၀၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဂျပန်ဝန်ကြီးချုပ်က အမေရိကန်စီးပွားရေးခေါင်းဆောင်များနှင့်တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ယခုနှစ်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေခဲ့သည့် ငွေကြေးကျုံ့မှုဖြစ်စဉ်များနှင့် အသုံးစရိတ်လျှော့ချခဲ့ရသည့်ဖြစ်စဉ်များမှ အလုံးစုံရုန်းထွက်နိုင်ရေးအတွက် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို ပြန်လည်အားကောင်းလာစေရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ဝင်ငွေရရှိမှုမြှင့်တင်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခြင်း၊လုပ်သားများရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေးနှင့်လုပ်သားဈေးကွက် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်များပြုပြင်ပြောင်းလဲခြင်းနှင့်အဖွဲ့အစည်းများ၏ လုပ်ဆောင်နိုင်စွမ်းမြှင့်တင်ပေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့အနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဉာဏ်ရည်တု၊ Quantum နည်းပညာနှင့် သန့်ရှင်းသော စွမ်းအင်ဆိုင်ရာ နည်းပညာများကဲ့သို့သော အရေးပါသည့်နည်းပညာများနှင့် ပေါ်ထွန်းစနည်းပညာများတွင် အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဆိုပါကဏ္ဍများတွင် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရေးဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် တွေ့ဆုံပွဲတွင် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များက သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ စွမ်းအင်၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများထုတ်လုပ်ခြင်း၊ ဘဏ္ဍာရေး၊ လေကြောင်းနှင့်ကာကွယ်ရေးဆိုင်ရာကဏ္ဍများတွင် ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးစေရေးအတွက် ကမ္ဘာ့အသိုက်အဝန်းကို ဦးဆောင်နိုင်ရေး ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အခိုင်အမာဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ စွမ်းအင်၊ ဆေးနှင့်ဆေးပစ္စည်းထုတ်လုပ်ခြင်း စသည့်ကဏ္ဍများတွင် ဂျပန်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုများဆက်လက်၍ ခိုင်မာအားကောင်းစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန (၉-၄-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိမြို့)

Category: International News