International News

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ ပဉ္စမအကြိမ်စွန့်ပစ်သွားမည်

Last Updated:

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပဉ္စမအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ စွန့်ပစ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် Tokyo Electric Power Company Holdings Inc. အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေတန်ချိန် ၇,၈၀၀ ကို စွန့်ပစ်သွားမည်ဖြစ်ကြောင်းနှင့် ကုမ္ပဏီနှင့်ဂျပန်အစိုးရ၏ရေတွင် ရေဒီယိုသတ္တိပါဝင်မှုနှုန်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ အလေးထား၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကုမ္ပဏီအနေဖြင့် ၂၀၂၄ ခုနှစ်ကုန်တွင် စုစုပေါင်း ၇ ကြိမ်အထိ စွန့်ပစ်ခြင်းဖြင့် တန်ချိန် ၅၄,၆၀၀ စွန့်ပစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ သန့်စင်ပြီးရေများတွင် Tritium ပါဝင်မှုနှုန်းကို တစ်နှစ်လျှင် ၂၂ ထရီလီယံ Becquerels အများဆုံးစွန့်ပစ်ရန် သတ်မှတ်ထားသော်လည်း၊ Tokyo Electric Power Company Holdings Inc. အနေဖြင့် အဆိုပါသတ်မှတ်ချက်ကို ကျော်လွန်ခြင်းမရှိဘဲ သန့်စင်ပြီးရေများတွင် Tritium ပါဝင်မှုနှုန်းကို တစ်နှစ်လျှင် ၁၄ ထရီလီယံတွင် ထိန်းထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ရေသန့်စင်စနစ်ဖြစ်သည့် Advanced Liquid Processing System(ALPS)စနစ်သည် Tritium မှအပ ဓာတ်ပေါင်းဖိုများမှထွက်ရှိခဲ့သည့်ရေများတွင်ပါဝင်သည့် ရေဒီယိုသတ္တိဓာတ်အားလုံးနီးပါးကို ဖယ်ရှားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်၊ ရုရှားနှင့်ဒေသခံများ၏ ဆန့်ကျင်ကန့်ကွက်မှုများကြားမှပင် ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှစတင်၍ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေတန်ချိန် ၃၁,၂၀၀ ကို ပင်လယ်ထဲသို့ စွန့်ပစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တရုတ်နိုင်ငံမှ တင်သွင်းမှု ပိတ်ပင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

Tokyo Electric Power Company Holdings Inc. အနေဖြင့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ ၄ ကြိမ်တိုင်တိုင်စွန့်ပစ်ခဲ့ပြီးချိန်၌ ပင်လယ်ထဲရှိရေတွင် Tritium ပါဝင်မှုကို တိုင်းတာချက်အရ ရေဒီယိုသတ္တိပါဝင်မှုနှုန်းမှာ ရေ ၁ လီတာလျှင် ၂၂ Becquerels သာရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတ်မှတ်ချက်ဖြစ်သည့် ရေ ၁ လီတာလျှင် ၁၀,၀၀၀ Becquerels အောက် များစွာလျော့နည်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: The Kyodo News (၁၉-၄-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News