လပေါင်းများစွာကြာ နိုင်ငံရေးအငြင်းပွားမှုများအပြီး၊ နောက်ဆုံးအကြိမ် ညှိနှိုင်းမှုများပြုလုပ်ပြီးသည့်နောက်တွင် ဂျာမန်လွှတ်တော်အမတ်များ သည် နိုင်ငံ၏ ၂၀၂၆ ခုနှစ် ဘတ်ဂျက်-ယူရို(၅၂၄) ဘီလီယံ(အမေရိကန်ဒေါ်လာ ၆၀၆.၈၆ ဘီလီယံ)ကို ၂၈-၁၁-၂၀၂၅ ရက်တွင် အတည်ပြုခဲ့ကြောင်းနှင့် ယင်းဖက်ဒရယ်ဘတ်ဂျက်ကို အောက်လွှတ်တော် (Bundestag)မှတစ်ဆင့် အတည်ပြုရာတွင် ချေးငွေရန်ပုံငွေယူရို (၁၈၀) ဘီလီယံနီးပါးပါဝင်ကြောင်း သိရှိရပါသည်။
ယခုနှစ် ဘတ်ဂျက်သည် ၂၀၂၅ ခုနှစ်ကထက် ယူရို (၂၁.၅) ဘီလီယံပိုမိုများပြားပြီး ၎င်းတွင် စစ်ဘက်အသုံးစရိတ် ယူရို(၁၀၈)ဘီလီယံခန့်ပါဝင်ရာ ယင်းပမာဏသည် စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ ယခုအချိန်အထိကာလအတွင်း အမြင့်ဆုံးပမာဏဖြစ်ကြောင်းနှင့် ယင်းသို့တိုးမြှင့်မှုမှာ ယခုနှစ်အစောပိုင်းတွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။
ယင်းဘတ်ဂျက်အရ ယူကရိန်းအနေဖြင့် ရုရှားရန်မှ ကာကွယ်နိုင်ရန် အမြောက်၊ ဒရုန်းများ၊ စစ်ဘက်သုံးယာဉ်များနှင့် အခြားသောဆက်စပ်ပစ္စည်းများအတွက် ယူရို(၁၁.၅)ဘီလီယံခန့် အကူအညီရရှိမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
ဟန်ချက်ညီသော ဘတ်ဂျက်များနှင့် နေသားကျနေပြီး၊ black zero ဟုအမည်ရသော အကြွေးအသစ်မတင်ရေးမူဝါဒကို ဆယ်စုနှစ်များစွာကြာ လိုက်နာခဲ့ကြပြီးမှ ယခင်ဘတ်ဂျက်များနှင့်မတူညီဘဲ ဂျာမနီ၏ ၂၀၂၆ ဘတ်ဂျက် ကွဲပြားစွာထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံ၏ ဘတ်ဂျက်ကော်မတီမှ အတည်ပြုခဲ့သောအစီအစဉ်တွင် စုစုပေါင်း ယူရို(၅၂၄)ဘီလီယံခွဲဝေပေးထားပြီး ယူရို(၉၇.၉)ဘီလီယံကို ချေးယူမည်ဖြစ်ကြောင်း၊ ယူရို (၅၈.၃) ဘီလီယံခန့်ကို မတ်လက အတည်ပြုခဲ့သော အထူးဘတ်ဂျက်အစီအမံမှတစ်ဆင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအသစ်များတွင် ထည့်သွင်းသုံးစွဲမည်ဖြစ်ကြောင်း၊ အကြွေးသုံးစွဲမှုကို ကန့်သတ်ထားသည့် ယခင် စည်းမျဉ်းများမှလည်း ကင်းလွတ်ခွင့်ရှိမည်ဖြစ်ကြောင်းနှင့် အထူးရန်ပုံငွေများကို ချန်လှပ်ထားခဲ့သည့် ဂျာမနီ၏အမည်ခံ Debt Brake ကိုကျော်လွန်၍ ချေးငွေအသစ်များကို ဂျီဒီပီ၏ ၀.၃၅ ရာခိုင်နှုန်းအထိ ကန့်သတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျာမနီနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုကို နှစ်စဉ် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့သည့်အစီအစဉ်အရ တိုးမြှင့် လာခဲ့ရာ ၂၀၂၆ ခုနှစ်အတွက် ယူရို(၁၂၆.၇)ဘီလီယံအထိတိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ဘတ်ဂျက်နှင့် အထူးရန်ပုံငွေများမှ ရရှိသော စုစုပေါင်းကြွေးမြီအသစ်များသည် ယူရို (၁၈၀) ဘီလီယံခန့်ရှိမည်ဖြစ်ရာ ယင်းပမာဏမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင်းအထန် အထွတ်အထိပ်အချိန်ကာလက ချေးငွေပမာဏကို ကျော်လွန်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ဂျာမနီ၏ ဘတ်ဂျက်လိုငွေပြမှုသည် ၂၀၂၇ ခုနှစ်တွင် ဂျီဒီပီ၏ (၄)ရာခိုင်နှုန်းအထိမြင့်တက်လာနိုင်ပြီး၊ ကြွေးမြီပမာဏသည်လည်း (၆၈)ရာခိုင်နှုန်း အထိမြင့်တက်လာနိုင်ကာ G7 တွင် အနိမ့်ဆုံးဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
Source: https://www.dw.com/en/germany-news-lawmakers-pass-2026-budget/live-74936743
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)