International News

အမေရိကန်၏ အကောက်ခွန်ကြောင့် ဒေသတွင်း၌ ဖိအားဖြစ်ပေါ်နေစဉ် ထိုင်းဆန် တန်ချိန် ၅ သိန်း ဝယ်ယူရန် တရုတ်၏ စီစဉ်နေမှုက အချိန်ကိုက် ပို့ကုန်မြှင့်တင်ပေးခြင်းဖြစ်

Last Updated:

အမေရိကန်၏ အကောက်ခွန်ကြောင့် ဒေသတွင်းနိုင်ငံများအပေါ် ဖိအားဖြစ်ပေါ်ချိန်တွင် တရုတ်က ထိုင်းဆန် တန်ချိန် ၅၀၀,၀၀၀ ဝယ်ယူရန် စီစဉ်နေမှုသည် နှစ်ဖက်အကျိုးရှိပြီး ဒေသတွင်းနိုင်ငံများအတွက် ဈေးကွက်အသစ်ရရှိခြင်းနှင့် ပို့ကုန်မြှင့်တင်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရေးဘောဂဗေဒပညာရှင် Somjai Phagaphasvivat က ပြောသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ပထမသုံးလပတ်တွင် ၃.၂ %၊ ဒုတိယသုံးလပတ်တွင် ၂.၈ % နှင့် တတိယသုံးလပတ်တွင် ၁.၂ % သို့ ဆက်တိုက်ကျဆင်းနေရာ အကယ်၍ ကုန်သွယ်မှုနည်းလမ်းအသစ်များ မကျင့်သုံးပါက စတုတ္ထသုံးလပတ်တွင် ၀.၆ % အထိ ကျဆင်းနိုင်ကြောင်း၊ ထို့ကြောင့် တရုတ်၏ ဆန်ဝယ်ယူမှုသည် နှစ်ဖက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ စင်ကာပူကလည်း ဆန်နှင့်စားသောက်ကုန် တန်ချိန် ၁ သိန်း ဝယ်ယူမည်ဟု သိရှိရကြောင်း၊  အကယ်၍ ဝယ်ယူခဲ့ပါက ယခုနှစ် ဆန်ပို့ကုန်ရည်မှန်းချက် တန်ချိန် ၇.၅ သန်း တင်ပို့နိုင်မည်ဖြစ်ပြီး နောင်နှစ်တွင် ဆန်တန်ချိန် ၈ သန်း တင်ပို့နိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဆန်အရောင်းအဝယ်စာချုပ်ကို ဒီဇင်ဘာလအတွင်း ဘန်ကောက်၌ ပြုလုပ်မည့် မဲခေါင်-လန်ချန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် တရုတ်ဝန်ကြီးချုပ်လီချန်း၏ ခရီးစဉ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အစိုးရသတင်းများအရ သိရှိရသည်။

ဆက်လက်၍ Somjai Phagaphasvivat က ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့် စစ်ရေးပူးပေါင်း လေ့ကျင့်မှုများ ဆောင်ရွက်နေရသလို ကုန်သွယ်မှုနှင့်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ၌ တရုတ်အပေါ် မှီခိုနေရသဖြင့် နှစ်ဖက်စလုံးနှင့် မျှခြေညီရန် ကြိုးစားနေရကြောင်း၊ ဆန်စာချုပ်အပြင် Khon La Khrueng Plus ပူးတွဲငွေပေးချေမှုအစီအစဉ်ကလည်း အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှု တိုးစေကြောင်း ပြောကြားခဲ့သည်။

ဆန်ဝယ်ယူမှုသဘောတူညီချက်အပေါ် လယ်သမားများကလည်း ကြိုဆိုခဲ့ကြပြီး ထိုင်းလယ်သမား အသင်းဥက္ကဌ Pramote Charoensilp က ပြီးခဲ့သည့်စာချုပ်များအရ ထိုင်းအနေဖြင့် တရုတ်သို့ ဆန် တန်ချိန် ၂ သိန်း ၈ သောင်းခန့် တင်ပို့ရန် ကျန်သေးကြောင်း၊ ထပ်မံဝယ်ယူမည့် ဆန်တန်ချိန် ၅ သိန်းတွင် အဆိုပါလက်ကျန် ဆန်တန်ချိန်ကိုတာ ပါဝင်ခြင်း ရှိ/မရှိနှင့် ဝယ်ယူမည့် ဆန်အမျိုးအစားကို မသိသေးကြောင်း၊ အမှန်တကယ်ဝယ်ယူစေရန် ဆုတောင်းကြောင်း၊ ဆန်ဖြူ တစ်တန်လျှင် ဘတ် ၄,၀၀၀ မှ ၅,၀၀၀ ကြား၊ စံပယ်ရနံ့ဆန် တစ်ကီလိုဂရမ်လျှင် ၁၄ ဘတ် စသည့် ဈေးနှုန်းများရှိကြောင်း၊ တရုတ်၏ ထိုင်းဆန်ဝယ်ယူမှုကြောင့် အမေရိကန်မှ ထိုင်းပစ္စည်းများ မဝယ်တော့မည်ကို မစိုးရိမ်ကြောင်း၊ ထိုင်းစံပယ်ရနံ့ဆန်သည် အိန္ဒိယနှင့် ဗီယက်နမ် စံပယ်ရနံ့ဆန်များထက် အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာသဖြင့် ဝယ်လိုအားကောင်းကြောင်း ပြောကြားခဲ့သည်။

အမျိုးသားဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီက ဆန်သိုလှောင်မှု၊ နောက်ကျအရောင်းအစီအစဉ် များနှင့် ပြည်နယ်အလိုက် ကောက်ပဲသီးနှံဈေးကွက် ချဲ့ထွင်မှုနည်းလမ်းများ ချမှတ်ခဲ့သည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်း သိသိသာသာတက်ခဲ့ကြောင်း၊ စံပယ်ရနံ့ဆန်တစ်တန်လျှင် ဘတ် တစ်ထာင်ခန့် ဈေးတက်ခဲ့ပြီး ဆန်ဖြူတစ်တန်လျှင် ဘတ် ၄၀၀ ခန့် ဈေးတက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ နောင်နှစ်ဧပြီလအထိ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ပြည်နယ်ပေါင်း ၃၂ ခု တွင် ကောက်ပဲသီးနှံဈေးကွက်ပြပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲများကြောင့် ဆက်စပ် ပြည်နယ်များက လယ်သမားများထံ တိုက်ရိုက်ဝယ်ယူနိုင်ပြီး သယ်ယူပို့ဆောင်ရေးအခက်အခဲများ လျော့နည်းစေခြင်း၊ အရောင်းပုံစံတစ်မျိုးတိုးခြင်း၊ ဝယ်လက်မရှိသော ပြည်နယ်များမှ လယ်သမား များအတွက် တိုက်ရိုက်ဝယ်လက်များ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရနိုင်ကြောင်း ပြည်တွင်း ကုန်သွယ်မှုဌာန၊ ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenetr က  ပြောကြားခဲ့ပါသည်။

ရင်းမြစ်။    ဘန်ကောက်ပို့စ်

Source:  https://commerce.gov.mm/

Category: International News