International News

စင်ကာပူလေကြောင်းလိုင်းက လာမည့်မတ်လမှ အောက်တိုဘာလအတွင်း အဓိကမြို့များသို့ လေယာဉ်ခရီးစဉ်အကြိမ်ရေတိုး၍ ပျံသန်းသွားမည်

Last Updated:

စင်ကာပူအမျိုးသားလေကြောင်းလိုင်းဖြစ်သည့် Singapore Airline သည် လာမည့်မတ်လမှ အောက်တိုဘာလအတွင်း လေယာဉ်ခရီးစဉ်အကြိမ်ရေတိုး၍ ပျံသန်းပြေးဆွဲမည်ဖြစ်ပါသည်။ အာရှနိုင်ငံများရှိ အဓိကမြို့များဖြစ်သည့် ဗန်ကောက်မြို့၊ ရန်ကုန်မြို့၊ ဆူရာဘာရာမြို့၊ ကိုလံဘိုမြို့၊ တိုင်ပေတို့ကဲ့သို့ထင်ရှားသည့်မြို့များသို့ ပျံသန်းအကြိမ်ရေတိုးမြှင့်သွားမည်ဖြစ်ပါသည်။

မတ်လ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း ဗန်ကောက်မြို့၊ ဆူရာဘာရာမြို့နှင့် ကိုလံဘိုမြို့တို့သို့ ခရီးစဉ်အကြိမ်ရေတိုး၍ ပျံသန်းမည်ဖြစ်ပြီး စင်ကာပူမြို့မှ ဗန်ကောက်မြို့သို့ နေ့စဉ်လေယာဉ်ပျံသန်းမှု ၇ ကြိမ်အထိတိုးမြှင့်မည်ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့သို့ တစ်ပတ်လျှင် ၁၉ ကြိမ်မှ ၂၁ ကြိမ်အထိပျံသန်းပြေးဆွဲမည်ဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့သို့ မတ်လ ၂၉ ရက်မှ ဧပြီလ ၃၀ ရက်နေ့အတွင်း တစ်ပတ်လျှင် ၁၀ ကြိမ် ပျံသန်းပေးမည်ဖြစ်ပြီး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်လျှင် ၁၄ ကြိမ်နှင့် တစ်ရက်လျှင် ၂ ကြိမ် ပျံသန်းပေးမည်ဖြစ်ပါသည်။

ရန်ကုန်မြို့သို့ ပျံသန်းမည့်အကြိမ်အရေအတွက်ကိုလည်း ထပ်တိုးမည်ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှ အောက်တိုဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်လျှင် ၃ ကြိမ် ထပ်တိုး၍ စုစုပေါင်းတစ်ပတ်လျှင် ၁၀ ကြိမ်ပျံသန်းမည်ဖြစ်ပါသည်။

မတ်လ ၂၉ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ တိုင်ပေသို့ တစ်ပတ်လျှင် ၁၈ ကြိမ်ပျံသန်းမည်ဖြစ်ပါသည်။ ထို့အပြင် စင်ကာပူလေကြောင်းလိုင်းသည် ၂၀၂၆ ခုနှစ် နှောင်းပိုင်းတွင် ဩစတြေးလျနိုင်ငံ Cairns မြို့နှင့် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တို့သို့ ထပ်တိုးပြေးဆွဲသွားမည်ဖြစ်ပါသည်။ Cairns မြို့သို့ ဇူလိုင်လ ၇ ရက်နေ့မှ စက်တင် ဘာလ ၂၂ ရက်နေ့အထိနှင့် ဘာစီလိုနာမြို့သို့ ဇူလိုင်လ ၁ ရက်နေ့မှ စက်တင် ဘာလ ၃ ရက်နေ့အထိ တစ်ပတ်လျှင် ၅ ကြိမ် ထပ်မံတိုးမြှင့်ပျံသန်းမည်ဖြစ်ပါ သည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News