စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore-MAS)က ၂၀၂၆ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်မည်ဟုခန့်မှန်းထားပါသည်။ MAS အနေဖြင့် လက်ရှိအခြေအနေရှိ စင်ကာပူဒေါ်လာတန်ဖိုးမြင့်တက်မှုနှုန်းအတိုင်း ငွေလဲနှုန်းကိုဆက်လက်သတ်မှတ်သွားမည်ဖြစ်ကြောင်း ၎င်း၏ငွေကြေးမူဝါဒကြေညာ ချက်တွင် ဖော်ပြထားပါသည်။
MAS ၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလကထုတ်ပြန်ခဲ့သည့် မူဝါဒကြေညာချက်တွင် စင်ကာပူနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းရှိမည်ဟု ဖော်ပြထားပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် မူဝါဒကြေညာချက်တွင် ၂၀၂၆ ခုနှစ်အတွက် စင်ကာပူနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင် နှုန်းအကြားရှိမည်ဟု ခန့်မှန်းထားပါသည်။ MAS သည် ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ကျစေရန်နှင့် စီးပွားရေးတိုးတက်မှုကို ထိခိုက်စေမည့်အခြေအနေများကို တုန့်ပြန်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ချမှတ်ခဲ့သည့် ငွေကြေးမူဝါဒအတိုင်း ဆက်လက်ကျင့်သုံးလျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာမှုကြောင့် စင်ကာပူဒေါ်လာတန်ဖိုးမှာ ၁.၇ ရာခိုင်နှုန်းမြင့်တက်လာနိုင်ပါသည်။ စင်ကာပူဒေါ်လာ၏ ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးစွဲမှုအတွက် သွင်းကုန် များဝယ်ယူတင်သွင်းရန်အသုံးပြုလျက်ရှိပြီး ငွေလဲနှုန်းသည် ငွေကြေးဖောင်းပွမှု အပေါ် များစွာသက်ရောက်လျက်ရှိပါသည်။ ထို့ကြောင့် MAS သည် ငွေလဲနှုန်းကို ၎င်း၏ ငွေကြေးမူဝါဒ အဖြစ် အသုံးပြုလျက်ရှိပါသည်။
“၂၀၂၅ ခုနှစ် စတုတ္ထ ၃ လပတ်တွင် စင်ကာပူနိုင်ငံ၏အဓိကကုန်သွယ်ဖက်နိုင်ငံ များနှင့် စီးပွားရေးဆောင်ရွက်မှုများမှာ ကောင်းမွန်ခဲ့ကြောင်း၊ AI နှင့်ဆက်စပ်သည့်ရင်းနှီးမြှုပ်နှံမှုများ အားကောင်းခဲ့ပြီး ကုန်သွယ်မှုမူဝါဒမသေချာမှုများကို လျှော့ချနိုင်ခဲ့ကြောင်း၊ကုန်သွယ်မှုဆိုင်ရာ အခွန်နှုန်းထားမြင့်တက်မှုကြောင့် ကုန်သွယ်မှုနှင့် ဝယ်လိုအားအပေါ် သက်ရောက်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးနိုင်ကြောင်း၊ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများသည် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုအရှိန်ကျဆင်းမှုကို သက်သာစေမည်ဖြစ်ကြောင်း” MAS က ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)