International News

ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနက ဟော်မုဇ်ရေလက်ကြားအန္တရာယ်ကြောင့် အနောက်အာဖရိကနှင့် အမေရိကန်တို့မှ ရေနံစိမ်းတင်သွင်းမည့်အစီအစဉ်ကို ချိန်ညှိလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနက ဟော်မုဇ်ရေလက်ကြားအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို လျှော့ချရန် အနောက်အာဖရိကနှင့် အမေရိကန်တို့မှ ရေနံစိမ်းတင်သွင်းမည့် အစီအစဉ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။

အဓိကအချက်မှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရမည့် ရေနံတင် သင်္ဘောများ၏လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ နိုင်ငံ၏ စွမ်းအင်ဖူလုံကို ပိုမိုခိုင်မာစေရန်အတွက် အခြားသော ရင်းမြစ်အသစ်များမှ စက်သုံးဆီများကို ဧပြီနှောင်းပိုင်းတွင် လုံခြုံစွာပို့ဆောင်နိုင်မည်ဟုမျှော်မှန်းထားပါကြောင်း၊ အများပြည်သူအပေါ် သက်ရောက်မှုများကို လျှော့ချရန်အတွက် ပြည်တွင်းလက်လီရောင်းချသော စက်သုံးဆီစျေးနှုန်းများတည်ငြိမ်စေရန် လိုအပ်ပါက ကုန်ကျစရိတ်များကို လျော်ကြေးပေးရန် ဝန်ကြီးဌာနက ပြင်ဆင်နေပါကြောင်း သိရှိရပါသည်။

မတ်လတွင် အရှေ့အလယ်ပိုင်းမှတင်သွင်းမည့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်လိုအပ် သည့်ရေနံတင်သင်္ဘောများ၏လုံခြုံရေးအတွက် စိုးရိမ်မှုများကြောင့် ထောက်ပံ့ရေးပစ္စည်းများကို ဧပြီလနှောင်းပိုင်းတွင် လုံခြုံစွာတင်ပို့နိုင်မည်ဟု မျှော်လင့်ထားသဖြင့် အနောက်အာဖရိကနှင့် အမေရိကန်သို့ ရေနံစိမ်းဝယ်ယူမှုများကို လွှဲပြောင်းရန် စီစဉ်ထားကြောင်း၊ အရှေ့အလယ်ပိုင်းအခြေအနေကို ခြေရာခံရန် အရေးပေါ်စွမ်းအင်စောင့်ကြည့်ရေးစင်တာကို ဖွင့်လှစ်ခေါ်ယူထားကြောင်း၊ ဟော်မုဇ်ရေလက်ကြားကို “၁၀၀% ပိတ်”ထားခြင်းမရှိသေးသော်လည်း ကမ္ဘာ့ရေနံဈေးမှာ တစ်စည်လျှင် ပျမ်းမျှ ၇၅ ဒေါ်လာမှ ၈၅ ဒေါ်လာဝန်းကျင်ရှိပြီး ၇ ရာခိုင်နှုန်းခန့်မြင့်တက်နေကြောင်း၊ ပြည်တွင်းလက်လီစက်သုံးဆီဈေးနှုန်းများ တည်ငြိမ်ရန်လိုအပ်ပါက လျော်ကြေးပေးရန် စက်သုံးဆီရန်ပုံငွေကို အသုံးပြုနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့အထိ ရန်ပုံငွေ၏အနေအထားသည် ဘတ် ၂,၄၅၉ သန်းဖြင့် အပြုသဘောဆောင်ပါကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က ပြောကြားခဲ့ပါသည်။

ပြည်တွင်းစွမ်းအင်လုံခြုံရေးအတွက် ရေနံတင်ပို့မှုရပ်ဆိုင်းရေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လာအိုကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် လာအိုမှ စွမ်းအင်ကို ဆက်လက်အားကိုး နေရသောကြောင့် ထိုင်းနိုင်ငံမှ ရေနံအချို့ကို ထောက်ပံ့ပေးနေဆဲဖြစ် ကြောင်း၊ သို့သော်လည်း တတိယနိုင်ငံသို့ ဆက်လက်တင်ပို့ခြင်းကို တားဆီးရန်ထိန်းချုပ်မှုများကိုတင်းကျပ်မည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သော ဝယ်ယူရေးစာချုပ်များချုပ်ဆိုထားသည့် နိုင်ငံများအတွက် လိုအပ်သည်ထက် ကျော်လွန်၍ သိုလှောင်မှုမရှိစေရေး ဝန်ကြီးဌာနသည် ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်းစစ်ဆေးလျက်ရှိပါကြောင်း၊ LPG အတွက် လက်ရှိတွင် ထိခိုက်မှုမရှိသေးပါကြောင်း၊ ဝန်ကြီးဌာနသည် ဧပြီလအတွက် ရေနံချက် စက်ရုံများနှင့် ရေနံဓာတုဗေဒအရင်းအမြစ်များမှတစ်ဆင့် ထောက်ပံ့မှုကို စီမံခန့်ခွဲမည်ဖြစ်ပြီး Petronas (မလေးရှား)မှ အပိုတွဲများကို၀ယ်ယူမည်ဖြစ်ကြောင်း၊ ကာတာမှ တင်သွင်းပြီး ဟော်မုဇ်ရေလက် ကြားကို ဖြတ်သန်းရမည့် LNG အတွက် ပေးပို့မှုဆက်လက်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ ဝန်ကြီးဌာနသည် စစ်ဆေးနေပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်ကဲ့သို့သော အခြားသော ပေးသွင်းသူများထံမှ LNG များအတွက်လည်း ညှိနှိုင်းထားပြီး အကျိုးသက်ရောက်မှုများကို လျှော့ချရန်အတွက် ပြုပြင်ထိန်းသိမ်းမှုအစီအစဉ်များကို ရွှေ့ဆိုင်းရန် စဉ်းစားနေပါကြောင်း၊ LNG ဝယ်ယူသည့်နေရာသည် စည်းကမ်းထိန်းသိမ်းရေးမှ သတ်မှတ်သည့် အဆင့်ထက်မြင့်မားနိုင်ပြီး ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့ဈေးနှုန်းကို ထိခိုက်စေနိုင်သော်လည်း သိုလှောင်ပမာဏနှင့် ဈေးနှုန်းများအပေါ် ထိခိုက်မှုမဖြစ်စေရန် ဝန်ကြီးဌာနက အခြေအနေကို စီမံခန့်ခွဲမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး အမြင့်ဆုံးဝယ်လိုအားမှာ ဧပြီလနှောင်းပိုင်းတွင် မဂ္ဂါဝပ် ၃၆၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ EGAT သည် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း တိုးမြှင့်ခြင်းနှင့် ကျောက်မီးသွေးလောင်စာထွက်ရှိမှုမြှင့်တင်ပေးခြင်းကဲ့သို့သော ထိရောက်ပြီး လုံလောက်သော လောင်စာဆီများကို စီမံခန့်ခွဲမည်ဖြစ်ပြီး ဤကာလအတွင်း စီစဉ်ထားသော ဓာတ်အားပေးစက်ရုံများ ပြုပြင်ထိန်းသိမ်းခြင်းများကိုပိတ်သိမ်းမည်မဟုတ်ပါကြောင်း၊ လောင်စာ ဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ထုတ်လုပ်မှုအစီအစဥ်များကို သင့်လျော်သလို ချိန်ညှိရန်နှင့် စွမ်းအင်အသုံးပြုမှုလျှော့ချရန် ပုဂ္ဂလိကကဏ္ဍနှင့် စက်မှုလုပ်ငန်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုထားပါကြောင်း Mr. Auttapol က ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းမငြိမ်မသက်မှုများအတွင်း ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန် ဝန်ကြီးဌာနသည် ရေနံ၊ LPG၊ LNG နှင့် လျှပ်စစ်ဓာတ်အားအလုံအလောက်ရရှိရေး အစီအမံအားလုံးကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ စျေးနှုန်းများနှင့်ပတ်သက်၍ လိုအပ်ပါက စက်သုံးဆီရန်ပုံငွေကို အများပြည်သူထိခိုက်မှုလျော့ပါးစေရန်အသုံးပြုမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍအားစွမ်းအင်သုံးစွဲမှုလျှော့ချရန်၊ အစိုးရအေဂျင်စီများအား စွမ်းအင်သုံးစွဲမှုလျှော့ချရန်နှင့် အများသူငှာစွမ်းအင်ချွေတာရန်နှင့် ပုဂ္ဂလိကမော်တော်ယာဉ်များအစား အများသူငှာသယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်းဖြင့် စွမ်းအင်တင်သွင်းမှုကို တတ်နိုင်သမျှလျှော့ချနိုင်ရေး တောင်းဆိုထားကြောင်း ဝန်ကြီး Auttapol က ပြောကြားခဲ့သည်။

Source: https://www.nationthailand.com/news/general/40063016

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News