International News

အမေရိကန်နိုင်ငံသည် ဥရောပသမဂ္ဂ၊ ဂျပန်နှင့် မက္ကဆီကိုနိုင်ငံတို့နှင့် အရေးပါသည့်တွင်းထွက်သတ္တုကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့

Last Updated:

အမေရိကန်နိုင်ငံသည် ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့နှင့် အရေးပါသည့်တွင်းထွက်သတ္တုထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ခံနိုင်စွမ်းရှိစေရေးအတွက် လုပ်ငန်းအစီ အစဉ်များရေးဆွဲရန်ရည်ရွယ်ကြောင်းအမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ယင်းလုပ်ငန်းအစီအစဉ်အောက်၌ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့သည် အရေးပါသည့်တွင်းထွက်သတ္တုထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်အပေါ် ဖြစ်ပေါ် စေနိုင်သည့်အန္တရာယ်များကိုလျှော့ချနိုင်ရန်ချိန်ညှိထားသည့် ကြမ်းခင်းဈေးနှုန်းများကဲ့သို့သောကုန်သွယ်ရေးမူဝါဒများနှင့် ယန္တရားများကို ပူးပေါင်းရေးဆွဲသွားမည်ဖြစ် ကြောင်း၊အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Ambassador Jamieson Greer  က “ယခုထုတ်ပြန်ချက်သည် ကမ္ဘာ့ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသည့်နိုင်ငံများအနေဖြင့်  အရေးပါသည့်တွင်းထွက်သတ္တုကုန်သွယ်ရေးအတွက် စံနှုန်းသစ်များရေးဆွဲရန်ကတိကဝတ်ကို ဖော်ပြလျက်ရှိသည့်အချက်ပေးသံဖြစ်ကြောင်း၊ လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းဖြင့် ရည်ရွယ်ချက်တူမိတ်ဖက်နိုင်ငံများနှင့် အရေးပါသည့်တွင်းထွက်သတ္တုဆိုင်ရာ နိုင်ငံစုံသဘောတူညီချက်များပြုလုပ်နိုင်ရန် အခြေခံအုတ်မြစ်ချမှတ်ခြင်းလည်းဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။  

အလားတူပင် အမေရိကန်နိုင်ငံသည် မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်-မက္ကဆီကို အရေးပါသည့် တွင်းထွက်သတ္တုဆိုင်ရာလုပ်ငန်းအစီအစဉ်ကို သီးခြားသဘောတူညီခဲ့ပြီး ယင်းလုပ်ငန်းအစီအစဉ်အရ အရေးပါသည့်တွင်းထွက်သတ္တုထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်အပေါ် ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်မည့်ချိန်ညှိထားသည့် ကြမ်းခင်းဈေးနှုန်းများကဲ့သို့သော ကုန်သွယ်ရေးမူဝါဒများနှင့် ယန္တရားများကို ပူးပေါင်းရေးဆွဲသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင်ပြုလုပ်ခဲ့သည့် အရေးပါသည့်တွင်းထွက်သတ္တုဆိုင်ရာဝန်ကြီးများအစည်းအဝေးတွင် ဒုတိယသမ္မတ ဂျေ၊ ဒီ၊ ဗင့်စ်က မိန့်ခွန်းပြောကြားခဲ့ပြီး ဒုတိယသမ္မတက “မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်၍ အရေးပါသည့် တွင်းထွက်သတ္တုများကို ကမ္ဘာတစ်ဝှမ်းရှိဈေးကွက်အမျိုးမျိုးမှရရှိရန်ရည်ရွယ်ကြောင်း၊ မိတ်ဖက်နိုင်ငံများအကြား အရေးပါသည့်တွင်းထွက်သတ္တုဆိုင်ရာ ကုန်သွယ်မှုဇုန်များတည်ထောင်ရန်နှင့် ကြမ်းခင်းဈေးနှုန်းသတ်မှတ်ရန်၊ ယင်းဇုန်ပြင်ပနိုင်ငံများမှ သတ္တုများကို သွင်းကုန်ခွန်များချမှတ်ရန်ဖြစ်ကြောင်း၊ ကြမ်းခင်းဈေးနှုန်းသတ်မှတ်ခြင်းနှင့် သွင်းကုန်ခွန်ချမှတ်ခြင်းသည် တရုတ်နိုင်ငံမှ ဈေးသက်သာသည့်သတ္တုအညံ့များဝင်ရောက်မှုကို ကာကွယ်ရန်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် မြေရှားသတ္တုသံလိုက်(Rare earth magnets)ထုတ်လုပ်ရာတွင် လိုအပ်သော အရေးပါသည့်တွင်းထွက်သတ္တုနှင့် မြေရှားသတ္တုကဏ္ဍကို ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံက ယင်း Rare earth magnets ပို့ကုန်လိုင်စင်လိုအပ်ချက်အသစ်များထည့်သွင်းခဲ့ရာ မော်တော်ယာဉ်စက်ရုံမှအစ ကာကွယ်ရေးသုံးပစ္စည်းထုတ်စက်ရုံများအထိ ပစ္စည်းပြတ်လပ်ကာ လုပ်ငန်းများရပ်ဆိုင်းခဲ့ရာသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် အမေရိကန်က အရေးပါသည့်တွင်းထွက်သတ္တုထုတ်လုပ်မှုကဏ္ဍတွင် တရုတ်နှင့်ယှဉ်ပြိုင်နိုင်ရေး အခြားနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာခြင်းဖြစ်ပါသည်။ 

Source: Office of the United States Trade Representative

Source: Wall Street Journal

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News