စွမ်းအင်နှင့်စပ်လျဉ်းသည့် အန္တရာယ်ကို အကဲဖြတ်ရန် လာမည့် ၁ ရက်မှ ၂ ရက်အတွင်း အရေးပေါ်အစည်းအဝေးခေါ်ယူသွားရန် ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
အဆိုပါအစည်းအဝေးသည် ပထဝီနိုင်ငံရေးပဋိပက္ခကြောင့်ဖြစ်ပေါ်လာနိုင်သော အနှောင့်အယှက်များကြောင့် စွမ်းအင်နှင့် ကုန်ကြမ်းအတွက် အစားထိုးအရင်းအမြစ်များကို ဖော်ထုတ်ရန် ရည်ရွယ်ပါကြောင်း၊ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်သွားနိုင်သည့် ကမ္ဘာ့ရေနံစျေးနှုန်းများမြင့်တက်လာနိုင်ခြင်းနှင့် ပို့ဆောင်ခနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များတိုးလာခြင်းတို့အပေါ် စိုးရိမ်လျက်ရှိကြောင်း၊ နိုင်ငံအဆင့်တုန့်ပြန်မှုအစီ အစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပါဝင်သော အစည်းအဝေးကို ဝန်ကြီးချုပ်ဦးဆောင်၍ ကျင်းပသွားရန်ရှိကြောင်း သိရှိရပါသည်။
စက်မှုကဏ္ဍအနေဖြင့် ဘေးအန္တရာယ်များကို အကဲဖြတ်ပြီးအခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန်အစီအမံများကို ဖော်ထုတ်ရန်အတွက် ဆွေးနွေးမှုများ အရေးတကြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်ပြတ်လပ်မှု သို့မဟုတ် အနှောင့်အယှက်ဖြစ်ပေါ်လာပါက မည်သည့်အရင်းအမြစ်များကို အစားထိုးသုံးနိုင်မည်၊ ဈေးနှုန်းများသည် မည်သည့်ပုံစံဖြစ်သည်၊ အခြေအနေများသည် မည်မျှတိုးလာနိုင်သည် ဆိုသည်ကို ဆုံးဖြတ်ရန်လိုအပ်ပါကြောင်း၊ ပဋိပက္ခများပြင်းထန်လာပါက ပိုမိုကျယ်ပြန့်သောဒေသကို ထိခိုက်နိုင်ပါကြောင်း၊ ၎င်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၀ နှင့်အထက်မြင့်တက်ခဲ့သည့် နောက်ဆုံးကမ္ဘာ့ရေနံဈေးတွင် ထင်ဟပ်နေပြီးဖြစ်ကြောင်း၊ အခြေအနေပိုမိုဆိုးရွားလာပါက ဈေးနှုန်းများသည် အမေရိကန်ဒေါ်လာ ၈၀၊ ၉၀ သို့မဟုတ် ၁၀၀ အထက်သို့ ခုန်တက်သွားနိုင်ပြီး ယင်းသည် ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပါကြောင်း၊ ရွှေဈေးလည်းမြင့်တက်လာနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI)ဥက္ကဋ္ဌ Kriengkrai Thiennukul ကပြောကြားခဲ့ပါသည်။
အခြေအနေသည် ယခုထက်ပိုမိုဆိုးရွားလာပါက ယခုနှစ်ကုန်တွင် ရွှေအလေးချိန်တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ သို့မဟုတ် ဘတ်ငွေ ၈၀၀၀၀ မှ ၉၀၀၀၀ ဝန်းကျင်အထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းချက်များလည်းရှိကြောင်း၊ အမေရိကန်ဒေါ်လာသည် ကာလတိုအတွင်း အားကောင်းလာမည်ဟု မျှော်လင့်ရကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်စည်များတွင် သင်္ဘောနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်လာမည်ဖြစ်ပြီး စွမ်းအင်ပြတ်တောက်မှုနှင့် စျေးနှုန်းမြင့်တက်လာသည့် ကုန်ပစ္စည်းများနှင့်အတူ မြင့်တက်လာမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုများကို စောင့်ကြည့်ရမည့် အဓိကအချက်ဖြစ်ကြောင်း Mr. Kriengkrai က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: https://www.nationthailand.com/news/general/40063016
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)