ထိုင်းနိုင်ငံ၌ သစ်သီးထွက်ရှိမှုသည် ယခင်နှစ်ကထက် ၅.၈ ရာခိုင်နှုန်းတိုးလာခဲ့ပြီး တန်ချိန် ၆.၉ သန်းထိရောက်ရှိနိုင်သဖြင့် ဈေးနှုန်းများကို စီမံခန့်ခွဲရန် အစီအမံ(၈)ခုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mrs. Suphajee Suthumpun က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဈေးနှုန်းတည်ငြိမ်ရန်နှင့် ပိုလျှံမှုကို ကာကွယ်မည့်အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း၊ အစီအမံများအရ ဘတ် ၅၀၀ သန်းဖြင့် သစ်သီးတန်ချိန် ၁.၁ သန်းကိုဝယ်ယူရန်ဖြစ်ကြောင်း၊ အစီအစဉ်တွင် ထုတ်လုပ်မှုအစီအမံ ၃ ခု၊ ထုပ်ပိုးမှု အစီအမံ ၂ ခုနှင့် ဈေးကွက်ရှာဖွေရေးအစီအမံ (၃)ခုပါဝင်ကြောင်း၊ ဒူးရင်းသီးနှင့် မင်းဂွတ်သီးများမှာ အနီးကပ်စောင့်ကြည့်စာရင်းတွင် ကျန်ရှိနေဆဲဖြစ်ကြောင်း၊ ဒူးရင်းသီးထွက်ရှိမှုသည် တန်ချိန် ၁.၈ သန်းသို့ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ပို့ကုန်တိုးမြှင့်ရန်နှင့် ပြည်တွင်းစားသုံးမှုတိုးမြှင့်ရန် အားစိုက်ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ပို့ကုန်ပမာဏကို တန်ချိန် ၁.၂ သန်းမှ ၁.၃ သန်းကြားခန့်မှန်းထားပြီး ပြည်တွင်းစားသုံးမှုကို တန်ချိန် ၅၅၀,၀၀၀ ထိမြင့်တက်ရန် မျှော်မှန်းထား ကြောင်း သိရှိရပါသည်။
မင်းဂွတ်သီးထွက်ရှိမှုသည် ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန်ချိန် ၂၈၀,၀၀၀ ရှိရာ ပုပ်သိုးလွယ်သဖြင့် ဖြန့်ချိရေးအစီအစဉ်များသည် အရေးကြီးနေဆဲဖြစ်ကြောင်း၊ နာနတ်သီးထွက်ရှိမှုသည် တန်ချိန် ၁.၃ သန်း၊လိမ္မော်သီးနှင့်ကြက်မောက်သီးထွက်ရှိမှုသည်လည်း ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါကြောင်း၊ လေချူသီးထွက်ရှိမှုသည် တန်ချိန် ၁.၄၇ သန်းရှိပြီး အုန်းသီးဈေးနှုန်းမှာ ယခင်နည်းပါးနေရာမှ ၁ လုံးလျှင် ၄ ဘတ်မြင့်တက်ခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် Blue Flag ကွန်ယက်များ၊ ဈေးများ၊ လက်လီအရောင်းဆိုင်များနှင့်ထုတ်လုပ်သည့် စက်ရုံများမှတစ်ဆင့် ပြည်တွင်းရောင်းအားကို တိုးချဲ့မည်ဖြစ်ပြီး အိန္ဒိယကဲ့သို့သော နိုင်ငံပြင်ပဈေးကွက်များသို့ အရောင်းမြှင့်တင်ရေးဆောင်ရွက်ချက်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်ထပ်အဆင့်များသည် ပို့ကုန်စစ်ဆေးရေးဂိတ်များတွင် သင်္ဘောကွန်တိန်နာများ ထောက်ပံ့မှု၊ အသိ အမှတ်ပြုလက်မှတ်နှောင့်နှေးမှုများနှင့် ပိတ်ဆို့မှုများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ဓာတုဓာတ်ကြွင်းများနှင့် အရှေ့အလယ်ပိုင်းတင်းမာမှုများနှင့်ဆက်နွှယ်နေသည့် ထောက်ပံ့ပို့ဆောင်ရေးအခြေအနေများကို စောင့်ကြည့်နေပါကြောင်း၊ထိုင်းသစ်သီးဝလံတင်ပို့မှုအများစုသည် အာရှဈေးကွက်များတွင်သာ အာရုံစိုက်ထားဆဲဖြစ်ပြီး ဒူးရင်းတင်ပို့မှု၏ ၉၆ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံသို့ ဦးတည်သွားကြကြောင်း သိရှိရပါသည်။
Source: NBT World၊
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)