နိုင်ငံတကာဈေးကွက်များသို့ ထိုင်းပီလောပီနံတင်ပို့မှုကို တိုးချဲ့ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန(DFT)က အလားအလာရှိသောလမ်းပြ မြေပုံ ၂၀၂၆ ကို မိတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါမဟာဗျူဟာသည် ဂျပန်နိုင်ငံ၏စက်မှုကဏ္ဍများမှ ဝယ်လိုအားတိုးလာစေရန်အတွက် ပီလောစေ့အမှုန့်များ၊ ပြုပြင်ထားသော ကစီ ဓာတ်နှင့် ပရီမီယံအဆင့်အမှုန့်များအပါအဝင် တန်ဖိုးမြင့်ထုတ်ကုန်များကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင်အဓိကဦးတည်ရာဈေးကွက်များမှာ ပီလောပီနံကစီဓာတ်ကို အဓိကကုန်ကြမ်းအဖြစ် မှီခိုနေရသည့် ကြီးထွားလာနေသော မွေးမြူရေးနှင့် လူသုံးကုန် ပစ္စည်းကဏ္ဍများဖြစ်ကြောင်း၊ ယင်းပဏာမခြေလှမ်းသည် ဦးစီးဌာန၏ အောင်မြင်သော ၂၀၂၅ ခုနှစ် ကုန်သွယ်မှုမစ်ရှင်အပေါ် အခြေခံပါကြောင်း၊ မကြာသေးမီက ဂျပန်စိုက်ပျိုးရေးစွန့်ဦး တီထွင်သူများနှင့် စားနပ်ရိက္ခာထုတ်လုပ်ရေးအကြံပေးများက ထိုင်းပီလောပီနံမှ ပုလဲနှင့် သာမိုပလတ်စတစ်ဓာတ်တို့ကို တင်သွင်းရန် စိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်ကို ပြသခဲ့ပါကြောင်း သိရှိရပါသည်။
ထိုင်းပီလောပီနံသည် ၎င်း၏အရည်အသွေးနှင့် အဆင့်မြင့်ထုတ်လုပ်မှုနည်းပညာအတွက် အသိအမှတ်ပြုခံရပါကြောင်း၊ ပရီမီယံအဆင့်ကစီ ဓာတ်သည် သိသာထင်ရှားသောတန်ဖိုးမြှင့်အလားအလာကို ပေးစွမ်းပြီး စက်မှုလုပ်ငန်းအတွက် စွယ်စုံသုံးကုန်ကြမ်းဖြစ်ကြောင်း၊ ဂလူတန်မပါ ဝင်သည့် GMO မဟုတ်သောအခြေအနေကြောင့် ဂျပန်နိုင်ငံ၏တင်းကျပ် သော စားသုံးသူဘေးကင်းရေးနှင့် အရည်အသွေးစံနှုန်းများနှင့်လည်းကိုက်ညီပြီး ပို့ကုန်အလားအလာကို ပိုမိုအားကောင်းစေကြောင်း၊အဆိုပါ အခွင့်အလမ်းများတိုးတက်စေရန်အတွက် တိုကျိုသို့ ကုန်သွယ်မှုဆိုင်ရာမစ်ရှင်တစ်ခုဦးဆောင်ရန် ဒုတိယညွှန်ကြားရေးမှူးချုပ် Noppadon Kuntamas အား ခန့်အပ်ခဲ့ပါကြောင်း၊ ကိုယ်စားလှယ်အဖွဲ့သည် မွေးမြူ ရေး၊ အစားအစာနှင့် လူသုံးကုန်ကဏ္ဍများတွင် ဂျပန်ထိပ်တန်းတင်သွင်းသူများနှင့် အဆင့်မြင့်ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း၊ မစ်ရှင်သည် ထိုင်းပို့ကုန်လုပ်ငန်းရှင်များကို ဂျပန်တင်သွင်းသူများနှင့် ချိတ်ဆက်ကာ ထိုင်းပီလောပီနံ၏ အားသာချက်များကို သတိပြုမိစေရန် ရည်ရွယ်ပါကြောင်း၊ ဌာနသည် ယုံကြည်မှုတည်ဆောက်ရန်နှင့် မဟာ ဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ဤအစီအစဉ်သည် ထိုင်းတောင်သူလယ်သမားများနှင့် လုပ်ငန်းရှင်များအတွက် ဝင်ငွေတိုးစေမည်ဖြစ်ပြီး ကုန်သွယ်မှုအန္တရာယ်များကို ကွဲပြားစေကာ စက်မှုလုပ်ငန်းကို အားကောင်းစေရုံသာမက ပြည်တွင်းပီလောပီနံဈေးနှုန်းကို တည်ငြိမ်စေရေးကူညီပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က ပြောကြားခဲ့ပါသည်။
Source: https://www.nbtworld
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)