International News

ဂျပန်နိုင်ငံအနေဖြင့် အာဆီယံလျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သွားမည်

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်က စတင်ခဲ့သည့် အာဆီယံဓာတ်အားလိုင်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါသတင်းတွင် ဂျပန်အစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းအတွက် Kansai Electric Power(KEPCO)အပါအဝင် ဂျပန်ကုမ္ပဏီများကို ဘဏ္ဍာရေးဆိုင်ရာအကူ အညီများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့်ထိုသို့ဆောင်ရွက်မှုသည် အာဆီယံဒေသတွင်း၌ တရုတ်နိုင်ငံ၏စီးပွားရေး အရလွှမ်းမိုးလာမှုကို တန်ပြန်နိုင်ရန်အတွက် ဂျပန်အစိုးရ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

KEPCO အနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင်း၌ လျှပ်စစ်ဓာတ်အားစနစ်တည်ဆောက်နိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရ၏ဦးဆောင်မှုဖြင့် ပုဂ္ဂလိကမတည်ငွေများကိုအသုံးပြုကာ လေ့လာဆန်းစစ်မှုများပြုလုပ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်အစိုးရအနေဖြင့် KEPCO ၏ လေ့လာဆန်းစစ်မှုကုန်ကျစရိတ်၏ ထက်ဝက်နီးပါးကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် Kyushu Electric Power ၏လုပ်ငန်းခွဲတစ်ခုဖြစ်သော Kyudenko စီမံကိန်းကို ရန်ပုံငွေပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေကို အင်ဒိုနီးရှားနိုင်ငံ၏မြောက်ဘက် ကာလီမန်တန်ပြည်နယ်ရှိ ဝေးကွာသောကျွန်းများသို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သင့်လျော်သည့်ကျွန်းများမှာ ဂျာကာတာအပါအဝင် အခြားသောလျှပ်စစ်ဓာတ်အားရရှိသည့်နေရာများနှင့် ကီလိုမီတာရာချီ(သို့မဟုတ်)ထောင်ချီ၍ ကွာဝေးသောနေရာတွင် တည်ရှိသည့်အတွက် ရေအောက်ဓာတ်အားလိုင်းများ သွယ်တန်းရန် လိုအပ်လျက်ရှိကြောင်း၊ အာဆီယံဒေသတွင်း၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အဦများ လိုအပ်လျက်ရှိသည့်နေရာများတွင် ဂျပန်အစိုးရနှင့်ဂျပန်ကုမ္ပဏီများအနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်တွင် စတင်ခဲ့သော အာဆီယံဒေသတွင်း လျှပ်စစ်ဓာတ်အားသွယ်တန်းရေးစီမံကိန်း(ASEAN Power Grid-APG)တွင်ပါဝင်သွားမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ထိုင်းနှင့်လာအိုကဲ့သို့သော မဲခေါင်ဒေသများတွင် လျှပ်စစ်ဓာတ်အားသွယ်တန်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော်လည်း လာအိုနိုင်ငံ၏ တောင်ဘက်ဒေသရှိ ကျွန်းအမြောက်အများတွင် လျှပ်စစ်ဓာတ်အားသွယ်တန်းရေးလုပ်ငန်းများမှာ နည်းပါးနေသေးကြောင်း၊ ဂျပန်အစိုးရအနေဖြင့် အာဆီယံနိုင်ငံများနှင့်အတူ ဝန်ကြီးချုပ်ခီရှိဒအဆိုပြုထားသည့် အာရှဒေသတွင်း ကာဗွန်ကင်းစင်ရေးအသိုက်အဝန်းဟုခေါ်သည့် AZEC ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ကြီးချုပ်အနေဖြင့် ၅-၇-၂၀၂၄ ရက်နေ့တွင် တိုကျို၌ ကျင်းပမည့်အခမ်းအနားတစ်ခုတွင် လာမည့် ၁၀ နှစ်အတွင်း AZEC အရ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ထုတ်ဖော်ပြောကြားသွားရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ထုတ်ပြန်ချက်အရ အာဆီယံဒေသတွင်း လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းအတွက် ၂၀၃၀ ပြည့်နှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ကုန်ကျနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်အထိ နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော်ကုန်ကျနိုင်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်ကုမ္ပဏီများအနေဖြင့် အာဆီယံဒေသရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့ဆောင်ရွက်ရခြင်းမှာ တရုတ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသရှိ စွမ်းအင်အခြေခံအဆောက် အဦများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ပြုလုပ်လာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ စီမံကိန်းတွင် စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍအပါအဝင် ကဏ္ဍစုံတည်ဆောက်ရေးလုပ်ငန်းများပါဝင်ကြောင်း ဖော်ပြထားပါသည်။

တရုတ်အစိုးရပိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတစ်ခုဖြစ်သည့် China Southern Power Grid အနေဖြင့် လာအိုနိုင်ငံမှ Electricite du ကိုဝယ်ယူကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ လာအိုနိုင်ငံတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

လာအိုနိုင်ငံအနေဖြင့် နှစ်စဉ်နိုင်ငံ့စွမ်းအင်ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ထိုင်း၊ ဗီယက်နမ်နှင့် အခြားသောအိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့်အတွက် လာအိုနိုင်ငံကို အရှေ့တောင်အာရှ၏ဘက်ထရီဟုပင် တင်စားခေါ်ဝေါ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် နေ့စဉ်ဘဝများအတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်စွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်းဖြင့် ဒေသတွင်း၌ ၎င်း၏ဩဇာအာဏာလည်းကြီးမားလာနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၂-၇-၂၀၂၄)  

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News