International News

ထိုင်းနိုင်ငံ၌ အုန်းချိုမွှေးအမျိုးအစားဖြစ်သည့် Nam Hom အုန်းသီး၏ ဈေးနှုန်းကျဆင်းမှုကြောင့် အရေးယူမှု၊ အမည်ခံဆောင်ရွက်မှု စစ်ဆေးမှုနှင့် ပို့ကုန်တွန်းအားပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mrs. Suphajee Suthumpun က လမ်းညွှန်မှာကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ အုန်းချိုမွှေးအမျိုးအစားဖြစ်သည့် Nam Hom အုန်းသီး၏ ဈေးနှုန်းကျဆင်းမှုကြောင့် အမည်ခံ၍ ကြားခံဆောင်ရွက်နေသည့်သူ များအား ဖော်ထုတ်အရေးယူရန်နှင့် ပို့ကုန်ဈေးကွက်သစ်များတိုးချဲ့ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mrs.Suphajee Suthumpun က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

အုန်းချိုမွှေးအမျိုးအစားဖြစ်သည့် Nam Hom အုန်းသီး၏ ဈေးနှုန်းကျဆင်းလာမှုကို အနီးကပ်စောင့်ကြည့်ဖြေရှင်းရန်နှင့် လယ်သမားများနှင့်လုပ်ငန်းရှင်များအား ထောက်ပံ့ရေးကွင်းဆက်အပြည့်အ၀အကျုံးဝင်စေမည့်အစီအမံများဖြင့် လယ်သမားများနှင့် လုပ်ငန်းရှင်များအား အရေး တကြီးကူညီဆောင်ရွက်ပေးရန် ညွှန်ကြားထားကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းမှုကို အနီးကပ်ခြေရာခံပြီး တောင်သူများနှင့် စီးပွားရေးလုပ်ငန်းများကို အမြန်ဝင်ရောက်အကူအညီပေးရန် သက်ဆိုင်ရာအေဂျင်စီများအားလည်းညွှန်ကြားထားကြောင်း၊ အုန်းသီးဈေးနှုန်းပြန်လည်မြင့်တက်လာစေရန် ပံ့ပိုးကူညီမှုများကို ၂၀၂၅ ခုနှစ် ဇူလိုင်လမှစတင်၍ ပံ့ပိုးမှုအစီအမံများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဈေးနှုန်းချိုသာမှုပြဿနာကိုဖြေရှင်းရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဝန်ကြီး၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်တွင်းဈေးကွက်နှင့်စပ်လျဉ်း၍ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနသည် အဆင့် ၃ ဆင့်ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးနှုန်းနည်းသည့် ပထမအသုတ်(ဇူလိုင်-စက်တင်ဘာ ၂၀၂၅)ထွက်ရှိသည့် အုန်းသီးစုစုပေါင်း ၈၃၀,၀၀၀ ကို Bang Phae ခရိုင်၊ Ratchaburi ခရိုင်ရှိ စျေးကွက်ထက် ဈေးပေးသော အဖွင့်ဝယ်ယူသည့်အချက်များအပါအဝင် အရောင်းပွိုင့်များသတ်မှတ်ခြင်းနှင့် အဓိကပုဂ္ဂလိကကဏ္ဍကုမ္ပဏီများနှင့် အစိုးရအေဂျင်စီများနှင့်အတူ ကြိုတင်မှာယူခြင်းနှင့် CSR လှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် ဆက်တိုက်ဝယ်ယူနေပါကြောင်း၊ ဒုတိယအသုတ်အဖြစ်(နိုဝင်ဘာ-ဒီဇင်ဘာ ၂၀၂၅)အုန်းသီးစုစုပေါင်း ၄၆၀,၀၀၀ ကို ထွက်ရှိရာနှင့်ရောင်းချ မည့်ပြည်နယ်များအကြား ကုန်သွယ်မှုယန္တရားများကို ချိတ်ဆက်ပေးခြင်း၊ MOC GO အက်ပ်မှတစ်ဆင့်မှာယူခြင်း၊တောင်သူများထံမှ အုန်းသီးများကို စက်သုံးဆီဆိုင်များ(PT၊ Susco၊ PTT နှင့် Bangchak ဝန်းကျင်ဒေသများသို့ ဖြန့်ဖြူးပေးမည့်နေရာများ)၊ သောက်သုံးရေနေရာများတွင် အုန်းရည်များထားရှိပေးခြင်းနှင့် MasterChef Thailand Season 7 မှတစ်ဆင့် အုန်းသီးစားသုံးမှုတိုးလာစေရန် အသိပညာပေးလှုံ့ဆော်မှုများဆောင်ရွက်ပေးခြင်း၊ တတိယအသုတ်အဖြစ် အုန်းသီး ၁ သန်း(၂၀၂၆ ခုနှစ်ဇန်နဝါရီလနှောင်းပိုင်းမှ လက်ရှိ)ကိုအဓိကထုတ်လုပ်သောပြည်နယ် လေးခုဖြစ်သည့် Rachaburi၊ Samut Sakhon၊ Samut Songkhram နှင့် Songkhla တို့၌  စျေးကွက်ထက် ဈေးပိုမိုပေးသော ဝယ်ယူသည့်နေရာများကိုဖွင့်လှစ်ပေးခြင်းနှင့်ဗန်ကောက်အနီးတစ်ဝိုက်တွင် အုန်းသီး အရောင်းဆိုင်များဖွင့်လှစ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလံပြာ(အလံပြာ)ပြပွဲများတွင် ခေတ်မီကုန်သွယ်ရေးလုပ်ငန်းရှင်များ၊ လက်ကားဈေးနှင့် လတ်ဆတ်သော ဈေးကွက်များတွင် အုန်းသီးများကို နိုင်ငံတစ်ဝှမ်းရှိဈေးဆိုင်များနှင့် ဈေးများမှတစ်ဆင့် ရောင်းချနိုင်ရန် လယ်သမားများထံမှ နမ့်ဟုန်အုန်းသီးများကို အရှိန်အဟုန်မြှင့်တင်ကာ ဝယ်ယူနိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ပါဝင်ပါကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး(TPSO)ညွှန်ကြားရေးမှူးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Nantapong Chiralerspong က ပြောကြားခဲ့ပါသည်။

ပို့ကုန်ဈေးကွက်နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနသည် အုန်းသီးကို အဓိကဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံအပြင် အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အမေရိကန်နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး အရောင်းမြှင့်တင်ရေးအစီအစဉ်များကို တစ်နှစ်ပတ်လုံးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်ဆတ်သော သစ်သီးဝလံ၊ ပြုပြင်ထားသော သစ်သီးဝလံနှင့် အခြားလယ်ယာထွက်ကုန်များအတွက် စီးပွားရေးနှင့် ကိုက်ညီသောပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့တွင် Hyatt Regency Bangkok Sukhumvit ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကုန်သွယ်မှုညှိနှိုင်းမှုများတွင် Online/ Offline ပုံစံဖြင့်ပါဝင်ရန် ကမ္ဘာတစ်ဝှမ်းမှ တင်သွင်းသူများကို ဖိတ်ကြားထားပါကြောင်း၊ ကနဦးတွင် အုန်းသီးတင်ပို့သူ ၃၈ ဦးအပါအဝင် ပို့ကုန်လုပ်ငန်းရှင် ၁၀၁ ဦးပါဝင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိ ရပါသည်။

တင်သွင်းမှုထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ ပြည်တွင်းတောင်သူများအပေါ် ထိခိုက်မှုမဖြစ်အောင် အာဏာပိုင်များက အုန်းသီးတင်သွင်းမှု(အုန်းရင့်နှင့် အုန်းနုနှစ်မျိုးလုံး)တင်သွင်းမှုကို ထိန်းချုပ်လျက်ရှိပါကြောင်း၊ WTO သဘောတူညီချက်များနှင့် AFTA သဘောတူညီချက်များအောက်ရှိ သွင်းကုန်အစီအမံများအပါအဝင် ဆီသီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီကော်မတီ၏ဆုံးဖြတ်ချက်များအတိုင်း တင်သွင်းခြင်းဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံများနှင့် သတ်မှတ်ထားသော သွင်းကုန်စစ်ဆေး‌ရေးဂိတ်များပါဝင်ပါကြောင်း၊ သဘောတူညီချက်မူဘောင်များအောက်တွင် တရားမဝင်အုန်းသီးတင်သွင်းမှုကို တားဆီးရန်အတွက် ဘန်ကောက်ဆိပ်ကမ်းအကောက်ခွန်ရုံးနှင့် Laem Chabang ဆိပ်ကမ်းအကောက်ခွန်ရုံးစသည့် စစ်ဆေးရေးဂိတ်နှစ်ခုသာ ခွင့်ပြုထားကြောင်း သိရှိရပါသည်။

အုန်းသီးတင်သွင်းမှုအများစုသည် WTO ခွဲတမ်းပြင်ပ(ပမာဏနှင့် သွင်းကုန်အချိန်ကန့်သတ်ချက်များမရှိဘဲ)ဖြစ်သောကြောင့် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနမှ ပြည်တွင်းထွက်ကုန်အမြောက်အမြား ဈေးကွက်အတွင်းသို့ ဝင်ရောက်သည့်ကာလအတွင်း သွင်းကုန်ထိန်းချုပ်ရန် အစီ အမံများထည့်သွင်းထားပါကြောင်း၊ ပြည်ပမှ အုန်းသီးနှင့် အုန်းသီးထွက် ကုန်များတင်သွင်းမှုနှောင့်နှေးကြန့်ကြာစေရန်နှင့် ပြည်တွင်းတောင်သူ များထံမှ အုန်းသီးများကို သင့်လျော်သောဈေးနှုန်းဖြင့်ဝယ်ယူရန် အုန်းသီးစိုက်ပျိုးထုတ်လုပ်သည့် စက်ရုံများမှ ပူးပေါင်းဆောင်ရွက်ခြင်း၊ ၂၀၂၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်၍ WTO ခွဲတမ်းထက်မကျော်လွန်သော သွင်းကုန်များအတွက်တင်သွင်းခွင့်မပြုမီ ပြည်တွင်းတောင်သူ များထံမှ အုန်းသီးများကို သင့်လျော်သောစျေးနှုန်းဖြင့် တင်သွင်းရန်လိုအပ်သည့် ရှင်းလင်းချက်များအား စာဖြင့်ရေးသားတင်ပြရန် လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

အလယ်မှဆောင်ရွက်နေသူများနှင့် အမည်ခံဆောင်ရွက်နေသူများကို စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဥပဒေများကို ချိုးဖောက်မှုများပါ၀င်နိုင်သည့် အုန်းသီးရောင်းသူစီးပွားရေးလုပ်ငန်းများ(ထုပ်ပိုးသည့်အိမ်များ/စုဆောင်းရေးစင်တာများ)ကိုစစ်ဆေးရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီး ဌာနသည် သက်ဆိုင်ရာအေဂျင်စီများနှင့်အတူ Ratcha buri တွင် ကွင်းဆင်းကြည့်ရှုပြီး အုန်းသီးထုပ်ပိုးသည့်အိမ် ၃ လုံးနှင့် ကုမ္ပဏီ ၄ ခုတို့ကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ Ratchaburi ရှိ ဖြစ်နိုင်ချေရှိသော ကုမ္ပဏီ ၂၁၇ ခုကိုလည်းစစ်ဆေးခဲ့ပြီး ယင်းတွင် နိုင်ငံခြား သားများအစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအောက်နှင့် Ratchaburi နှင့် Samut Sakhon တို့တွင် မြေယာ  ၅ ရိုင်နှင့်အထက် ပိုင်ဆိုင်မှုကို စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုတွင် ကုမ္ပဏီ(၃)ခုသည် နိုင်ငံခြားသားရှယ်ယာရှင်များက မြေယာ ၃ ကွက်ကို ပိုင်ဆိုင်ထားသည်ကိုစစ်ဆေးတွေ့ရှိခဲ့ပါကြောင်း၊ အသေးစိတ်စစ်ဆေးမှုများကိုဆောင်ရွက်နေဆဲဖြစ်ပြီး သင့်လျော်သော အရေးယူမှုများဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံ ခြားလုပ်ငန်းလည်ပတ်မှုများကို ထိန်းချုပ်ထားသည့် ဥပဒေနှင့်‌သွေဖီနေသော Nam Hom အုန်းသီးစိုက်ပျိုးမှုတွင် ပါဝင်နေသည့် နိုင်ငံခြားမတည်ရင်းနှီးမှုကို စစ်ဆေးရန် Ratchaburi သို့ သွားရောက်မည်ဖြစ် ကြောင်း၊ တောင်သူများအတွက် မျှတမှုနှင့် ပြည်တွင်း စီးပွားရေးစနစ်ကိုကာကွယ်ရန် ပြင်းထန်ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ် ကြောင်းသိရှိရပါသည်။

တန်ဖိုးမြှင့်နှင့် ပထဝီဝင်အမှတ်အသား(GI)ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း ၍ (GI)မှတ်ပုံတင်ခြင်းမှတစ်ဆင့် အလားအလာမြင့်မားသော စီးပွားရေးထုတ်ကုန်အဖြစ် Nam Hom အုန်းသီးကို အဆင့်မြှင့်တင်ရန် တန်ဖိုးဖန်တီးမှုများကိုလည်း ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနသည် တောင်သူများနှင့် GI လုပ်ငန်းရှင်များအား စျေးကွက်ချဲ့ထွင်ရေးလမ်းကြောင်းများချဲ့ထွင်ရန် တွန်းအားပေးပံ့ပိုးပေးနေပါကြောင်း၊ လက်ရှိတွင် Ratchaburi၊ Ban Phaeo၊ Bang Khla နှင့် Sam Phran Nam Hom အုန်းသီး(၄)မျိုးကို GI မှတ်ပုံတင်ထားပါကြောင်း၊ Ratchaburi Nam Hom အုန်းသီးကို ဥရောပသမဂ္ဂတွင် GI ထုတ်ကုန်အဖြစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ပြီဖြစ် ကြောင်း၊ ယင်းသည် ပို့ကုန်ဈေးကွက်တိုးချဲ့ရန်နှင့် Nam Hom အုန်းသီးကို နိုင်ငံတကာအသိအမှတ်ပြုမှုရရှိစေမည့် အရည်အသွေးကို မြှင့်တင်ပေးရုံသာမကကုန်သွယ်မှုအခွင့်အလမ်းများလည်းဖန်တီးပေးပါကြောင်း၊ Nam Hom အုန်းသီးကို အလေးထားစောင့်ရှောက်နိုင်မည့် နည်းလမ်း များစွာကိုလည်း ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ထုတ်ကုန်ပိုလျှံမှုအတွက် ဈေးကွက်များရှိနိုင်စေရေး တစ်နှစ်ပတ်လုံး အရောင်းမြှင့်တင်ရေးအစီအစဉ်များလည်းရှိကြောင်း၊ Nam Hom အုန်းသီးအပြင် အခြားသော စိုက်ပျိုးရေးထုတ်ကုန်များ၏ ဈေးနှုန်းများကိုလည်း အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nantapong က ပြောကြားခဲ့ပါ သည်။

Source: https://www.nationthailand.com/news/general/40063016

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News