တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၊ ချီရှူးမြို့ရှိစက်ရုံတစ်ခုတွင် ဝါးတိုင်များကို သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော စားပွဲတင်ပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများအဖြစ် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
၎င်းတို့၏ဝါးထုတ်ကုန်များသည် ဓာတုပစ္စည်းများကင်းစင်ပြီး ဇီဝပျက်စီးမှုကို လျှော့ချပေးသည့်အတွက် ဈေးကွက်က အထူးအသိအမှတ်ပြုထား သည်ဟု ကုမ္ပဏီ၏မန်နေဂျာ Wu Qiuhui က ပြောကြားခဲ့ကြောင်း သိရသည်။
ကျယ်ပြန့်သောဝါးတောများရှိသည့် Chishui တွင် ဝါးလုပ်ငန်း(၂၀၀) ကျော်ရှိပြီး ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်လျက်ရှိကြောင်း၊ ဒေသခံဝါးလုပ်ငန်းသည် ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှု ယွမ်(၁၀)ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံခန့်)ကျော်ရှိခဲ့ပြီး ဝါးစိုက်ပျိုးသူ(၁၆၅,၀၀၀) အတွက် ဝင်ငွေတိုးစေခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဝါးအရင်းအမြစ်အများဆုံးရှိသည့် တရုတ်နိုင်ငံသည် ပလတ်စတစ်ညစ်ညမ်းမှုကို ထိန်းချုပ်ရန် အဓိကရွေးချယ်စရာတစ်ခုအဖြစ် ဝါးပင်စိုက်ပျိုးမှုကို မြှင့်တင်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပလတ် စတစ်အစားထိုးအဖြစ် ဝါးကိုအသုံးပြုရန် အစီအစဉ်တစ်ခုကို စတင်ခဲ့ပြီး ဝါးအသုံးပြုမှုကို အရှိန်မြှင့်တင်ရန် သုံးနှစ်စီမံကိန်းတစ်ခုချမှတ်ခဲ့ကြောင်း သိရသည်။
ဝါးပင်သည် သုံးနှစ်မှ ငါးနှစ်အတွင်းကြီးရင့်လာပြီး အလွန်ကြာရှည်ခံ၍ ဇီဝပျက်စီးနိုင်မှုကို လျှော့ချပေးကာ ကာဗွန်စုပ်ယူမှုနှုန်းကလည်း အလွန်ကောင်းသည်ဟု အမျိုးသားသစ်တောနှင့် မြက်ခင်းပြင်စီမံခန့်ခွဲရေးဌာနမှ သုတေသီ Wang Ge က ပြောကြားခဲ့ကြောင်း သိရသည်။
နေ့စဉ်သုံးပစ္စည်းများမှသည် စက်မှုလုပ်ငန်းသုံးပစ္စည်းများအထိ တရုတ်နိုင်ငံသည် ဝါးအခြေခံထုတ်ကုန်ထောင်ပေါင်းများစွာကို တီထွင်ထုတ်လုပ်လျက်ရှိကြောင်း၊ အဆိုပါပစ္စည်းများအတွက် နိုင်ငံတကာဝယ်လိုအားသည် မျှော်လင့်ထားသည်ထက်ပင် ပိုမိုမြင့်မားနေသည်ဟု ဝါးစားပွဲတင်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းသို့ ထုတ်လုပ်တင်ပို့နေသည့် လုပ်ငန်းရှင် Wang Jianzhong က ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းသစ်တီထွင်မှုသည် ဤစိမ်းလန်းစိုပြည်သောပြောင်းလဲမှုအတွက် အဓိကသော့ချက်ဖြစ်ကြောင်း၊ဥပမာအားဖြင့် Lenovo သည် ၂၀၀၈ခုနှစ် မှစ၍ ၎င်း၏လက်တော့ပ်များအတွက် ဝါးအမျှင်ပြုလုပ်ထားသည့်ထုပ်ပိုး မှုကိုအသုံးပြုခဲ့ကြောင်း၊ဤပစ္စည်းသည် သဘာဝပတ်ဝန်းကျင်နှင့် သဟ ဇာတဖြစ်ပြီး ကမ္ဘာ့စံနှုန်းများနှင့်ကိုက်ညီကြောင်း ကုမ္ပဏီ၏ထုပ်ပိုးမှုသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာ Bai Yan က ပြောကြားခဲ့သည်ဟု သိရသည်။
၂၀၁၆ ခုနှစ်မှစ၍ ကုမ္ပဏီသည် အလေးချိန်ပေါ့ပါး၍ ပြန်လည်ပြည့်ဖြိုးမြဲဝါးအမျှင်ထုပ်ပိုးမှုကို မိတ်ဆက်ခဲ့ပြီး ထုပ်ပိုးပစ္စည်းအသုံးပြုမှု(၄,၅၃၇) တန်လျှော့ချနိုင်ခဲ့သည်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဝါးနှင့်ပတ်သက်သည့် သုတေသနစီမံကိန်းများသည် မော်တော်ကားအတွင်းပိုင်းကဲ့သို့သော အဆင့်မြင့်နည်းပညာနယ်ပယ်များသို့ ဝါးအသုံးပြုမှုကို တိုးချဲ့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုသည် ဝါးကီးဘုတ်များနှင့် စပီကာများကို အောင်မြင်စွာဖန်တီးခဲ့ပြီး ယူနစ်သန်းပေါင်းများစွာ ရောင်းချခဲ့ရကြောင်း သိရသည်။
ဝါးကဏ္ဍသည် ယခုအခါ တရုတ်နိုင်ငံတစ်ဝန်းတွင် အလုပ်အကိုင်သန်းပေါင်းများစွာကို ပံ့ပိုးပေးသည့် သိသာထင်ရှားသော စီးပွားရေးအင်အားစုတစ်ခုဖြစ်လာကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံတွင် ဝါးတောဟက်တာ (၈)သန်းနီးပါးရှိပြီး နှစ်စဉ်ပျမ်းမျှ ဝါးထုတ်လုပ်မှုတန်ချိန်(၁၅၀)သန်းရှိကြောင်း၊ ဝါး ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းပေါင်း(၁၀,၀၀၀)ကျော်ရှိပြီး စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံးတွင် လူပေါင်း(၂၉)သန်းကျော်ကို အလုပ်ခန့်ထားပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ဝါးလုပ်ငန်းစုမှ ထုတ်လုပ်မှုမှာ ယွမ်(၅၂၀)ဘီလီယံကျော်ရှိကြောင်း တရားဝင်ကိန်းဂဏန်းများ၌ ဖော်ပြထားပြီး ဝါးကို ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအတွက် ဖြေရှင်းနည်းတစ်ခုအဖြစ်သာမက ကျေးလက်ဒေသပြန်လည်နိုးကြားလာစေရန် မောင်းနှင်အားတစ်ခုအဖြစ်ပါ ရှုမြင်ကြပြီး နည်းပညာတိုးတက်လာခြင်းနှင့် တိုးပွားလာသော ဝယ်လိုအားနှင့်အတူ တရုတ်နိုင်ငံ၏ဝါးလုပ်ငန်းသည် ပိုမိုစိမ်းလန်းသောအနာဂတ်အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။
Source: https://english.news.cn/20260227/2b446b9d6cc048fd892b39981a09a54a/c.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)