International News

အိန္ဒိယနိုင်ငံဈေးကွက်များသို့ ပဲတီစိမ်းသစ်များ စတင်ဝင်ရောက်

Last Updated:

အိန္ဒိယနိုင်ငံ Karnataka ပြည်နယ်မြောက်ပိုင်း Gadag နှင့် Bagalkot ဈေးကွက်များသို့ ပဲတီစိမ်းသစ်များစတင်ဝင်ရောက်လာပြီဖြစ်ကြောင်းနှင့် အဆိုပါဒေသရှိတောင်သူများက ၂၀၂၄ ခုနှစ် ခါရစ်(မိုးသီးနှံ)များကို စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

စွတ်စိုသောရာသီဥတုအခြေအနေကြောင့် အဆိုပါသီးနှံသစ်များ၌ ရေငွေ့ပါဝင်မှု ၂၀ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရသည်။ ယင်းအခြေအနေက သီးနှံဈေးနှုန်းအပေါ် ရိုက်ခတ်မှုရှိပြီး၊ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၆၀၀၀ မှ ရူပီး ၈၀၀၀ အကြားရှိကြောင်း သိရသည်။

ဗဟိုအစိုးရက ၂၀၂၄-၂၅ ခုနှစ်၊ ခါရစ်သီးနှံဝယ်ယူရေးရာသီအတွက် ပဲတီစိမ်းသီးနှံ၏ အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းကို ၁ ကွင်တယ်လျှင် ရူပီး ၈၆၈၂ သတ်မှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာထားပြီး၊ အဆိုပါဈေးနှုန်းသည် ယခင်နှစ်က ထက် ၁ ဒသမ ၄ ရာခိုင်နှုန်းတိုးမြင့်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ် ပဲတီစိမ်းထွက်ရှိမှုအခြေအနေကောင်းမွန်ကြောင်း၊ မိုးပုံမှန်ရွာသွန်းမည်ဆိုပါက ယခုထက် အထွက်နှုန်းပိုမိုကောင်းမွန်နိုင်ကြောင်း Gadag ရှိ ပဲကြိတ်ခွဲစက်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါဒေသရှိ တောင်သူလယ်သမားအနေဖြင့် သီးနှံများပိုမိုကောင်းမွန်မှုရှိရန် မိုတိမ်ကင်းစင်ပြီး၊ လုံလောက်သောနေရောင်ရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

ခြောက်သွေ့သော ပဲတီစိမ်း၏ဝယ်လိုအားမှာ ကောင်းမွန်ပြီး Kalaburgi ကဲသို့ဈေးကွက်များ၌ ဇူလိုင်လ ၂၅ ရက်နေ့က ဖြစ်ပေါ်လျက်ရှိသော ပျှမ်းမျှဈေးနှုန်းသည် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၈၂၀၀ ရှိကာ Bagalkot ဈေးကွက်တွင် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၈၃၉၆ ရှိကြောင်း ကုန်သွယ်ရေးအရင်းအမြစ်များက ဖော်ပြသည်။

Karnataka ပြည်နယ်တွင် ပဲတီစိမ်းကို ဟက်တာ ၄ သိန်းခန့်စိုက်ပျိုးထားကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့အချက်အလက်များအရ သိရသည်။ လွန်ခဲ့သောနှစ်က ဟက်တာ ၁ ဒသမ ၂၂ သိန်းသာ စိုက်ပျိုးခဲ့ရာ ၂၂၈ ရာခိုင်နှုန်းကျော်တိုးမြင့်လာခဲ့ကြောင်းနှင့် အဆိုပါနှစ်က ပြည်နယ်မြောက်ပိုင်းရှိ အဓိကသီးနှံစိုက်ပျိုးရာဒေသအများအပြားတွင် ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် သီးနှံစိုက်ပျိုးထွက်ရှိမှုကို ထိခိုက်စေခဲ့ကြောင်းသိရသည်။

ခါရစ်(မိုးသီးနှံ)ပဲတီစိမ်းအား အများဆုံးစိုက်ပျိုးထုတ်လုပ်သော ပြည်နယ်ဖြစ်သော Rajasthan ပြည်နယ်တွင် ပဲတီ စိမ်းစိုက်ဧရိယာ ဟက်တာ ၂၅ ဒသမ ၁၁ သိန်းရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဌာန၏ ဇူလိုင်လ ၂၉ ရက်နေ့ အချက်အလက်များအရ သိရပြီး၊ ယခင်နှစ်ကထက် ဟက်တာ ၂၁ ဒသမ ၆၂ သိန်းတိုးတက်လာခဲ့ကြောင်း သိရ သည်။

Madhya Pradesh ပြည်နယ်ရှိ ဈေးကွက်အသီးသီးတွင် ဖြစ်ပေါ်လျက်ရှိသော နွေပဲတီစိမ်းဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ရူပီး ၇၀၀၀ မှ ၈၂၀၀ ရှိပြီး၊ Gujarat ပြည်နယ်တွင် ရူပီး ၇၅၀၀ မှ ၈၅၂၅ နှင့် Uttar Pradesh ပြည်နယ်တွင် ရူပီး ၇၂၀၀ မှ ၇၇၀၀ အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်း(India Pulses and Grains Association)က ဖော်ပြသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံရှိ ဈေးကွက်များအတွင်းသို့ ပဲတီးစိမ်းသစ်များဝင်ရောက်လာမှုအခြေအနေနှင့် အဓိကပဲတီစိမ်းစိုက်ပျိုးထွက်ရှိရာ Karnataka၊ Rajasthan စသည့်ပြည်နယ်အသီးသီး၌ ယခင်နှစ်ကထက် ပဲတီစိမ်းစိုက်ဧကများတိုးမြင့်လာလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းပဲမျိုးစုံဖူလုံရေးနှင့် ပြည်ပသို့ မှီခိုမှုကို လျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ The Hindu Businessline, Karnataka: New moong crop have started arriving in markets, August 02, 2024.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်ကတ္တားမြို့)

Category: International News