International News

အိန္ဒိယနိုင်ငံတွင် သဘာဝရော်ဘာကုန်ကြမ်းလိုအပ်ချက်များပြားလျက်ရှိ၊ ပြည်ပမှ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုရန် ရော်ဘာလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ အစိုးရထံ တင်ပြတောင်းဆို

Last Updated:

အိန္ဒိယနိုင်ငံတွင် သဘာဝရော်ဘာကုန်ကြမ်းလိုအပ်ချက်များပြားလျက်ရှိသည့်အတွက် ပြည်ပမှအကောက်ခွန်လွတ် တင်သွင်းခွင့်ပြုရန် ရော်ဘာလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ အစိုးရထံ တင်ပြတောင်းဆိုလိုက်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁ ရက်က ဖော်ပြသည်။

ယခုနှစ် ဇွန်လတွင်သဘာဝရော်ဘာ ၆၀၀၀၀ တန်ထုတ်လုပ်ရန်မျှော်မှန်းထားသော်လည်း လက်တွေ့ဈေးကွက်တွင် ၃၀၀၀၀ တန်သာရရှိနိုင်ဖွယ်ရှိသည်ဟု သဘာဝရာဘာသုံးစွဲသူများက ထောက်ပြခဲ့ကြောင်း အိန္ဒိယရော်ဘာဘုတ်အဖွဲ့က ပြောကြားခဲ့သည်။ သဘာဝရော်ဘာကို ဇူလိုင်လတစ်လျှောက်လုံး လက်တွေ့ရောင်းချပေးနိုင်ခြင်းမျိုးမရှိခဲ့သည့်အတွက် အငယ်စားနှင့် အလတ်စားရော်ဘာလုပ်ငန်းများဖြစ်ကြသည့် ကားတာယာကုမ္ပဏီများအပေါ် ရိုက်ခတ်မှုဖြစ်စေခဲ့ကြောင်း သိရ သည်။

တာယာကုမ္ပဏီများအနေဖြင့် ပြည်တွင်း၌ သဘာဝရော်ဘာထုတ်လုပ်မှု လျော့နည်းနိုင်မည်ဟု ကြိုတင်မျှော်မှန်း၍ ပြည်ပမှ ဝယ်ယူတင်သွင်းရန် လျာထားဆောင်ရွက်ခဲ့ကြသော်လည်း၊ သတ်မှတ်ထားသည့်အခြေခံပမာဏလောက်ကို ပြည်တွင်းမှရရှိရန် မျှော်မှန်းထားကြကြောင်း မော်တော်ကားတာယာထုတ်လုပ်သူများအသင်း(Automotive Tyre Manufacturers Association - ATMA) ညွှန်ကြားရေးမှူးချုပ် Rajiv Budhraja က ပြောကြားခဲ့သည်။

မျှော်မှန်းထားသည့်အတိုင်း လိုအပ်သည့်ကုန်ကြမ်းပမာဏကို မရရှိနိုင်ပါက တာယာစက်ရုံများ၏ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ATMA အသင်းဝင် တာယာကုမ္ပဏီအချို့သည် သဘာဝ ရော်ဘာကုန်ကြမ်းလိုအပ်သည့်ပမာဏမရရှိနိုင်သည့်အတွက် ၎င်းတို့၏ထုတ်လုပ်မှုကို ၁၀ ရာခိုင်နှုန်းကျော်လျှော့ချထုတ်လုပ်ခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ရာဘာကို ဆိပ်ကမ်းနှစ်ခုမှသာတင်သွင်းရန်ကန့်သတ်ထားသည့်အတွက် ပြည်တွင်းသယ်ယူပို့ဆောင်ရန်အချိန်ကြာမြင့်ကြောင်း၊ တာယာစက်ရုံများသည် အဆက်မပြတ်လည်ပတ်နေရသည့်အတွက် ကုန်ကြမ်း ပြတ်လပ်မှုမရှိရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်၍ ပြောကြားခဲ့သည်။ ပြည်တွင်း၌ ရာဘာနှင့် ရာဘာစေးရရှိမှု မသေချာသည့်အတွက် ကုန်ကြမ်းလက်ကျန် များများစားစားသိုလှောင်ထားရှိခြင်းမပြုနိုင်သည့် MSME ရာဘာ လုပ်ငန်းများအခက်အခဲတွေ့ကြကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရာဘာလုပ်ငန်းများအသင်း(All India Rubber Industries Association)ဥက္ကဌ Shashi Kumar Singh က ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်တွင်းသဘာဝရာဘာဈေးနှုန်းမှာ ၁၃ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း သဘာဝရာဘာနှင့်ရာဘာစေးပြတ်လပ်မှု မကြာခဏဖြစ်ပေါ်လျက်ရှိပြီး၊ ပြည်ပမှတင်သွင်းရာတွင် အကောက်ခွန်နှုန်းထားကြီးမြင့်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် MSME ရာဘာလုပ်ငန်းများလည်ပတ် ဆောင်ရွက်နိုင်ရေး ပြန်လည်သုံးသပ်စဉ်းစားပေးစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယရာဘာသုံးစွဲနေသူများအနေဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မှီစေရေးအတွက် သဘာဝရာဘာကို အကောက်ခွန်လွတ်တင်သွင်းခွင့်ပြုရန်နှင့် ဆိပ်ကမ်း ၂ ခုတည်းမှ တင်သွင်းရန် ကန့်သတ်ထားသည့်အချက်ကို ဖယ်ရှားပေးရန် အစိုးရထံတင်ပြတောင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် သဘာဝရာဘာကို ရာဘာဘုတ်အဖွဲ့မှ ခန့်မှန်းထားသည့်ပမာဏ၏ ထက်ဝက်ခန့်သာ ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပါသည်။ လတ်တလောတွင် ပြည်တွင်းရော်ဘာဈေးနှုန်းများမြင့်တက်လျက်ရှိပြီး၊ မော်တော်ကားတာယာစက်ရုံများ၌ သဘာဝရာဘာနှင့် ရာဘာစေးလိုအပ်ချက် ပြည့်မီမှုမရှိသည့်အတွက် ပြည်ပမှ ပိုမိုတင်သွင်းခွင့်ရရှိရေး ဖြေလျှော့ဆောင်ရွက်ပေးရန် အစိုးရထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ The Hindu Businessline, Natural rubber consumers seek duty-free imports amid raw material shortage, August 01, 2024.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News