International News

ဂျပန်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့

Last Updated:

ဂျပန်ဗဟိုဘဏ်အနေဖြင့် ကာလတိုအတိုးနှုန်းကို ပျမ်းမျှအားဖြင့် ၀ ရာခိုင်နှုန်းမှ ၀.၁ ရာခိုင်နှုန်းသတ်မှတ်ခဲ့ရာမှ ၀.၂၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ အဆိုပါသတင်းတွင် ထိုသို့အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့မှုမှာ ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်ဖြစ်ပြီး၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် ဖြေလျှော့သည့်ငွေကြေးမူဝါဒကို ပြောင်းလဲသတ်မှတ်ရန်အတွက် ကြီးမားသည့်ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်ဗဟိုဘဏ်မှ ၂ ရက်ကြာကျင်းပခဲ့သည့် မူဝါဒဆိုင်ရာအစည်းအဝေးအပြီးတွင် ယခုကဲ့သို့အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အတိုးနှုန်းတိုးမြှင့်မှုကို ၂၀၂၄ ခုနှစ်၊ မတ်လတွင်ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါကာလမတိုင်မီတွင် ဂျပန်ဗဟိုဘဏ်အနေဖြင့် Negative Interest Rate Policy ကိုကျင့်သုံးခဲ့ကြောင်းနှင့် ၁၇ နှစ်ကြာမှသာ ပထမဆုံးအကြိမ်အဖြစ် အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဗဟိုဘဏ်၏မူဝါဒဆိုင်ရာ အစည်းအဝေးတွင် ကာလရှည်အစိုးရငွေချေးစာချုပ် လစဉ်ဝယ်ယူမှုပမာဏကို ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်ကာလတွင် အမေရိကန်ဒေါ်လာ ၁၉.၅ ဘီလီယံ(သို့မဟုတ်) ယန်း ၃ ထရီလီယံနီးပါးအထိ ရောက်ရှိစေရေး တဖြည်းဖြည်းလျှော့ချသွားရန်ဆုံးဖြတ်ခဲ့ကြောင်း၊ လက်ရှိတွင် ဂျပန်ဗဟိုဘဏ်၏  လစဉ်အစိုးရငွေချေးစာချုပ်ဝယ်ယူမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံနီးပါး (သို့မဟုတ်) ယန်း ၆ ထရီလီယံနီးပါးရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ကုန်စည်ဈေးနှုန်းများ၏အခြေအနေမှာ လက်ရှိတွင် ဂျပန်ဗဟိုဘဏ်က ခန့်မှန်းထားသည့်အတိုင်းဖြစ်ပေါ်လျက်ရှိကြောင်း၊ယန်းငွေတန်ဖိုးကျဆင်းလာခြင်းနှင့် သွင်းကုန်ဈေးနှုန်းများပြန်လည် မြင့်တက်လာခြင်းကြောင့် ကုန်စည်ဈေးနှုန်းများပြန်လည်မြင့်တက်လာနိုင်ခြေရှိသည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် ရေရှည်တည်တံ့သော တည်ငြိမ်သောဈေးကွက်အခြေအနေကို ထိန်းထားနိုင်ရေးအတွက် ဖြေလျှော့သည့်ငွေကြေးမူဝါဒကို ထိန်းညှိချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌ Ueda Kazuo က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The NHK World Japan

Category: International News