International News

ရုရှားအစိုးရက ဓာတ်မြေသြဇာအကောက်ခွန်မဲ့တင်ပို့ခြင်းအတွက် ခွဲတမ်းသတ်မှတ်

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ဓာတ်သတ္တုဓာတ်မြေသြဇာများအကောက်ခွန်မဲ့တင်ပို့မှုအတွက် ခွဲတမ်းစုစုပေါင်းတန်ချိန် ၁၉.၇ သန်းကျော် သတ်မှတ်ထားပြီး အဆိုပါအမိန့်ကို ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။

နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ(ယူရီးယား၊ ယူရီးယား-အမိုနီယမ်အရောအနှော၊ အမိုနီယမ်နိုက်ထရိတ်)အတွက် တန်ချိန် ၁၂.၄ သန်းကျော်နှင့် အခြားဓာတ်မြေသြဇာများအတွက် တန်ချိန် ၇.၃ သန်းကျော်အပါအဝင် စုစုပေါင်းပို့ကုန်ခွဲတမ်းမှာ တန်ချိန် ၁၉.၇ သန်းကျော်ရှိမည်ဖြစ်သည်။ ရုရှားစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်လုပ်ငန်းရှင်များအကြား ပို့ကုန်ခွဲတမ်းပမာဏကို ခွဲဝေသတ်မှတ်ပေးရန်တာဝန်ရှိသည်။

အဆိုပါခွဲတမ်းပမာဏများသည် Abkhazia နှင့် South Ossetia နိုင်ငံများအတွက် ဓာတ်မြေသြဇာများထောက်ပံ့မှုတွင် အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။

သမ္မတ၏ညွှန်ကြားချက်အရ ရုရှားနိုင်ငံမှ ဓာတ်သတ္တုဓာတ်မြေသြဇာများတင်ပို့မှုခွဲတမ်းကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် ပြည်တွင်းဈေးကွက်တွင် ဓာတ်မြေသြဇာကို လုံလောက်သောပမာဏအား ထောက်ပံ့ပေးနိုင်ပြီး နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုကို အာမခံပေးနိုင်မည်ဖြစ်ကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ရုရှားအစိုးရသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်အထိ နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ တန်ချိန် ၉.၈၁ သန်းအပါအဝင် စုစုပေါင်းဓာတ်မြေသြဇာတင်ပို့မှုအပေါ် အကောက်ခွန်မဲ့ခွဲတမ်းပမာဏကို တန်ချိန် ၁၆.၉၅ သန်းသတ်မှတ်ခဲ့ပါသည်။

ဓာတ်သတ္တုဓာတ်မြေသြဇာများတင်ပို့ခြင်းအတွက် အကောက်ခွန်မဲ့ခွဲတမ်းကို ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းအား ကာကွယ်တားဆီးရန် အစီအမံများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါအစီအမံသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ကာ အကြိမ်ကြိမ်သက်တမ်းတိုးလျက်ရှိကြောင်း သိရှိရပါသည်။

အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ရုရှားသည် နိုင်ငံပေါင်း ၇၂ နိုင်ငံသို့ ဓာတ်မြေသြဇာများတင်ပို့ခဲ့ပြီး စုစုပေါင်းတန်ချိန် ၃၂ သန်းရှိကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါးရှိကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် ဘရာဇီး၊ အိန္ဒိယနှင့် အမေရိကန်တို့သည် ရုရှားဓာတ်မြေသြဇာများကို အများဆုံးဝယ်ယူတင်သွင်းခဲ့သည့်နိုင်ငံများဖြစ်ခဲ့ပြီး ရုရှားနိုင်ငံ၏တင်ပို့မှုစုစုပေါင်း ၆၀ ရာခိုင်နှုန်းခန့်ဖြစ်သည့် တန်ချိန် ၁၈.၅ သန်းရှိကြောင်း သိရှိရပါသည်။

Source :   https://ria.ru/20240428/udobreniya-1942895745.html

https://www.garant.ru/products/ipo/prime/doc/408860093/

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News