International News

ရုရှားရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယစီးပွားရေး၏ မဟာဗျူဟာမြောက်ကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံအထိ ရောက်ရှိ

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏသည် အာကာသ၊ ကာကွယ်ရေး၊ ဓာတု၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အခြားသောမဟာဗျူဟာမြောက်ကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံအထိ ရောက်ရှိလာခဲ့ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အတွင်းရေးမှူး Mr. Rajesh Kumar Singh မှ ပြောကြားခဲ့သည်။

အိန္ဒိယ၏အချက်အလက်များအရ ရုရှားမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် အာကာသယာဉ်နှင့် ကာကွယ်ရေးကဏ္ဍ၊ ဓာတုဗေဒပစ္စည်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့နှင့် မီးရထားလမ်းများကဲ့သို့သောကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံခန့်ရှိကြောင်း ပထမဆုံး ရုရှား-အိန္ဒိယဖိုရမ်ဖွင့်ပွဲတွင် Mr. Rajesh Kumar Singh က ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုများ၊ မဟာဗျူဟာအရ အရေးကြီးသော တွင်းထွက်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံးစက် ကိရိယာများ၊ မီးရထားလမ်း၊ ဆိပ်ကမ်း၊ သင်္ဘောများနှင့် ဆက်စပ်သောလုပ်ငန်းများဆိုင်ရာနယ်ပယ်များတွင် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန် မျှော်လင့် ထားကြောင်း Mr. Singh က ပြောကြားခဲ့ပါသည်။

ရုရှားနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရည်မှန်းချက်များကို ကျော်လွန်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယ၏စမတ်ဖုန်းများသည် ရုရှားနိုင်ငံသို့ အဓိကတင်ပို့သည့် ထုတ်ကုန်တစ်ခုဖြစ်လာကြောင်း၊ ယင်းလအတွင်းတွင် ရုရှားသို့ စမတ်ဖုန်းတင်ပို့မှုသည် စံချိန်တင်ပမာဏ အမေရိကန်ဒေါ်လာ ၃၆ သန်းအထိ ရောက်ရှိခဲ့ပြီး ၁၂ ဆ တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတူ အိန္ဒိယသည် ရုရှား၏ရေနံစိမ်းတင်သွင်းမှု ၄၀.၃ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

Source :   https://tass.ru/ekonomika/20671049

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News