International News

ယူအေအီးနိုင်ငံရှိ Spinneys ကုမ္ပဏီမှ ယခုနှစ်၊ ပထမနှစ်ဝက်တွင် ဝင်ငွေအများဆုံးရရှိနေပြီး ကုန်စုံဆိုင်အသစ်များကိုထပ်မံဖွင့်လှစ်ကာ လုပ်ငန်းများအား ချဲ့ထွင်လျက်ရှိ

Last Updated:

ယူအေအီးနိုင်ငံရှိ လတ်ဆတ်သောစားသုံးကုန်များအား လက်လီရောင်းချသည့် ထိပ်တန်းကုန်စုံစတိုးဆိုင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Spinneys သည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် စံချိန်တင်ဝင်ငွေ AED ၁.၆ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉.၉ % တိုးတက်လာခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါ Spinneys ကုမ္ပဏီသည် ယူအေအီးနိုင်ငံ၏ကော်ပိုရိတ်အခွန်အသစ်နှင့် အများပြည်သူသို့ ရောင်းချထားသည့် ကနဦးလုပ်ငန်းရှယ်ယာများ(IPO)ဆိုင်ရာ ပေးဆောင်ရသည့်ကုန်ကျစရိတ်များကြားထဲမှ အမြတ်ငွေ AED ၁၄၆ သန်း၊ ၁၅.၂ % တိုးတက်လာခဲ့ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားပါသည်။Spinneys သည် ၎င်း၏ ပထမဆုံးသော IPO အမြတ်ငွေ AED ၁၀၂.၆ သန်းကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင်ရှယ်ယာရှင်များအား ပေးအပ်သွားမည်ဖြစ်ပါသည်။

Spinneys ၏အမှုဆောင်အရာရှိချုပ် Sunil Kumar မှ ဒူဘိုင်းရှိကုန်စုံစတိုးဆိုင်အသစ်လေးခုနှင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့တွင် ၎င်းတို့၏ပထမဆုံးသော ကုန်စုံစတိုးဆိုင်ဖွင့်လှစ်ခြင်းများတို့အပါအဝင်ကုမ္ပဏီ၏ မဟာဗျူဟာမြောက်တိုးချဲ့မှုများကို အလေးပေးပြောကြားခဲ့ပါသည်။ e-commerce အက်ပ်၏ အောင်မြင်သောအဆင့်မြှင့်တင်မှုနှင့် Spinneys Swift hyperlocal(အိမ်အရောက်ပေးပို့ဝန်ဆောင်မှု)၏ ရွေးချယ်မှုများတို့ကို မိတ်ဆက်ခြင်းသည် လုပ်ငန်းဆန်းသစ်တီထွင်မှုနှင့်တိုးတက်မှုတို့အတွက် ကုမ္ပဏီ၏ကတိကဝတ်ကို ထပ်လောင်းဖော်ပြခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Spinneys ကုမ္ပဏီ၏စုစုပေါင်းအသားအမြတ်ငွေသည် AED ၆၅၉ သန်းရှိကာ ၁၂.၃ % ဖြင့် တိုးတက်လာခဲ့ပြီး ဝင်ငွေနှင့်ကုန်ကျစာရိတ်ကွာခြားမှုမှာ ၄၁.၃ % ဖြစ်ပါသည်။ ချိန်ညှိထားသော အတိုး၊ အခွန်၊ တန်ဖိုးလျော့နှင့်ခွဲဝေပေးခြင်း(EBITDA)မှာလည်း AED ၃၀၄ သန်းသို့ ၉.၄ % မြင့်တက်လာခဲ့ပြီး ကုမ္ပဏီသည် တည်ငြိမ်သောပျမ်းမျှရောင်းချမှုပမာဏဖြင့် တစ်နှစ်ထက်တစ်နှစ် ၉% တိုးတက်လာခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

Dubai Mall ရှိ The Kitchen စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သော Spinneys ကုန်စုံစတိုးဆိုင် ဖွင့်လှစ်ခြင်းမိတ်ဆက်ပွဲတွင်အဓိကအားဖြင့် ကုန်စုံစတိုးဆိုင်အသစ်များဖွင့်လှစ်ခြင်းနှင့် e-commerce  အရောင်းများတို့တွင် တစ်နှစ်ထက်တစ်နှစ် ၂၁.၇ %တိုးတက်လာခဲ့ကြောင်းနှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများမှ သိသာထင်ရှားသောတိုးတက်မှုများတို့ကို အသားပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ Spinneys သည် ယူအေအီးနှင့်ဆော်ဒီအာရေဗျနိုင်ငံများရှိ ၎င်းတို့၏ ကုန်စုံစတိုးဆိုင်များ၏တည်နေရာအသစ်များကို အားကောင်းသောချိတ်ဆက်မှုများဖြင့် ၎င်းတို့၏လုပ်ငန်းများကို ဆက်လက်ချဲ့ထွင်သွားရန် ကတိကဝတ်ပြုထားပါသည်။

ယေဘုယျအားဖြင့် Spinneys ၏ ခိုင်မာသောဘဏ္ဍာရေးစွမ်းဆောင်ရည်နှင့် မဟာဗျူဟာအစပြုမှုများသည် ကုမ္ပဏီအား ယခုနှစ်ဒုတိယနှစ်ဝက်တွင် တိုးတက်မှုနှင့်အောင်မြင်မှုများကို ဆက်လက်ရရှိစေရန်အတွက် နေရာရရှိထားကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News