International News

အမေရိကန်စားသုံးသူများက သတိထား၍ငွေကြေးသုံးစွဲလာကြသဖြင့် စီးပွားရေးကျဆင်းမှု အလား အလာ မြင့်တက်လာခဲ့

Last Updated:

အမေရိကန်စားသုံးသူများက သတိထား၍ ငွေကြေးသုံးစွဲလာကြသဖြင့် စီးပွားရေးကျဆင်းမှု အလားအလာ မြင့်တက်လာခဲ့ကြောင်း The New York Times အွန်လိုင်းသတင်း၌ ၇-၈-၂၀၂၄ ရက်တွင် “Recession Risks Rise as Consumers Turn Cautious” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလနောက်ပိုင်း အမေရိကန်စီးပွားရေး ပြန်လည်နာလည်ထူလာ စေရန်  စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုက များစွာပံ့ပိုးပေးနိုင်ခဲ့ပြီး ယခုအခါ စားသုံးသူများ၏ သုံးစွဲရန် ငွေကြေးလျော့နည်းလာသည်ကို စီးပွားရေးလုပ်ငန်းများကလည်း သတိထားမိလာကြောင်း၊ ကမ္ဘာ့စီးပွားရေး အခြေအနေ ပျက်ယွင်းလာခဲ့သော်ငြားလည်း စီးပွားရေးပညာရှင်အများအပြားက လက်ရှိအခြေအနေသည် အထိတ်တလန့်ဖြစ်ရန်မလိုသေးကြောင်း၊ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည့် အလုပ်လက်မဲ့နှုန်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ခဲ့သော်လည်း စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုသည် အတော်အသင့်တိုးတက်နေကြောင်း၊ လုပ်ခလစာတိုးနှုန်း နှေးကွေးလျက်ရှိသော်လည်း ဆက်လက်တိုးတက်လျက်ရှိကြောင်း၊ လုပ်ခလစာနည်းသည့် စားသုံးသူများအနေဖြင့် ဈေးနှုန်းမြင့်မားခြင်းနှင့် မြင့်မားသည့် အတိုးနှုန်းများအကြား ငွေကြေးသုံးစွဲရန် ချိန်ဆလျက်ရှိကြောင်း၊ အကြွေးဝယ်ကတ်အတွက် ပေးချေရမည့်ငွေကြေးကို ပေးချေနိုင်မှုမရှိသည့် အရေအတွက်မြင့်တက်လာခဲ့သကဲ့သို့ အိမ်ထောင်စုများကြွေးမြီ ပိုများလာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း အမေရိကန်နိုင်ငံ သားများသည် အခွန်ပေးဆောင်ပြီးနောက် ဝင်ငွေ၏ ၃.၄ ရာခိုင်နှုန်းကိုသာ စုဆောင်းနိုင်ခဲ့ကြကြောင်း၊ အမေရိကန်နိုင်ငံသားများအနေဖြင့် ယခင်နှစ်ကာလတူတွင် ၄.၈ ရာခိုင်နှုန်း စုဆောင်းနိုင်ခဲ့သဖြင့် ငွေကြေးစုဆောင်နိုင်မှု ၁.၄ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။

ဒုတိယသုံးလပတ်အကုန်တွင် McDonald ကုမ္ပဏီ၏ တစ်ကမ္ဘာလုံးရှိရောင်းအားသည် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးသက်သာသည့် အစားအစာတစ်နပ်ကို အမေရိကန်ဒေါ်လာ ၅ ဖြင့် ရောင်းချရန် စားသုံးသူများသို့ ဆွဲဆောင်လျက်ရှိသကဲ့သို့ အခြားလူသိများသည့် အသင့်စားအစားအစာ တံဆိပ်များမှာလည်း အလားတူရောင်းအားမြှင့်တင်နေရကြောင်း၊ Burger King ဆိုင်များတွင်လည်း “Your Way Meal” တစ်နပ်စာကို အမေရိကန်ဒေါ်လာ ၅ ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ဈေးဝယ်သူများအနေဖြင့် ဈေးသက်သာသည့်ကုန်ပစ္စည်းများကို ဝယ်ယူလာကြပြီး ဈေးနှုန်းမြင့်မားသည့် ကုန်ပစ္စည်းများကို ဝယ်ယူမှုကျဆင်းလာခဲ့သည်ဟု Amazon မှ Mr. Olsavsky က ပြောကြားခဲ့ကြောင်း၊ လူသိများသည့် Macy စတိုးဆိုင်ကုမ္ပဏီနှင့် Gap အမှတ်တံဆိပ်အဝတ်အထည်ကုမ္ပဏီတို့ကလည်း ဝယ်ယူစားသုံးသူများအနေဖြင့် ဖိအားများနှင့် ကြုံတွေ့လျက်ရှိပြီး ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိထားပြီး ရွေးချယ်လာခဲ့ကြသည်ဟုဆိုကြောင်း၊ ထို့အပြင် Walmart ကလည်း ငွေကြေးဖောင်းပွမှုကာလအတွင်း Gluten-free crackers နှင့် coconut-lime sparkling water စသည့် (A revamped private-label food line) စားသောက်ကုန်များကို ဝင်ငွေမြင့်မားသည့် ဈေးဝယ်သူများ ဆက်လက်ဝယ်ယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှန်တကယ်တွင် ယင်းစားသောက်ကုန် ၇၀ ရာခိုင် နှုန်း၏ ဈေးနှုန်းများမှာ အမေရိကန်ဒေါ်လာ ၅ အောက်သာ ရှိကြောင်း သိရှိရပါသည်။  

အမေရိကန်နိုင်ငံသည် ဇူလိုင်လတွင် အလုပ်လက်မဲ့နှုန်း ၃.၄ ရှိသည်ဟု ထုတ်ပြန်ခဲ့ပြီး နောက် ပိုင်းတွင် နိုင်ငံသားများအနေဖြင့် စီးပွားရေးကျဆင်းမှု (Recession) ဖြစ်လာမည်ကို စိုးရိမ်လာခဲ့ကြသည်ကို တွေ့ရှိရပါသည်။ စီးပွားရေးတိုးတက်ကောင်းမွန်လာစေရေးအတွက် စားသုံးသူ များ ငွေကြေးသုံးစွဲမှုသည် အဓိကအရေးကြီးပြီး စီးပွားရေးတိုးတက်ရန် တွန်းအားတစ်ရပ်ဖြစ်ပါ သဖြင့် အမေရိကန်နိုင်ငံ၏ ယခုကဲ့သို့သောအချိန်ကာလတွင် စားသုံးသူများငွေကြေးသုံးစွဲလာစေရန် စီးပွားရေးလုပ်ငန်းများအနေဖြင့် အရောင်းမြှင့်တင်နိုင်မည့်နည်းလမ်းများ အသုံးပြုလျက် စားသုံးသူများ၏ ငွေကြးသုံးစွဲမှု တက်လာရန် တိုးမြှင့်လုပ်ဆောင်ရန်သင့်ပါကြောင်း သုံးသပ်ရပါသည်။ 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News