International News

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်မှ အီလွန်မက်စ်၏ စတားလင့်ခ်လိုင်စင် အမြန်ချပေးမည်ဟု ကတိပြု

Last Updated:

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh က နိုင်ငံအတွင်း ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ပေးဆောင်ရန်အတွက် အစိုးရအနေဖြင့် ရှေ့ပြေးအစီအစဉ်အရ အီလွန်မက်စ်၏ စတားလင့်ခ်လိုင်စင်ကို အမြန်ထုတ်ပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် Chinh မှ ဟနွိုင်းမြို့ရှိ အမေရိကန်စီးပွားရေးလုပ်ငန်း ၄၀ နီးပါးနှင့်တွေ့ဆုံရာတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပိုငွေပြမှုကို ပြန်လည်ချိန်ခွင်လျှာညှိရန် အစီအမံများလုပ်ဆောင်လျက်ရှိကြောင်းကို လေယာဉ်၊ လက်နက်များ၊ သဘာဝဓါတ်ငွေ့(LNG)၊ လယ်ယာထွက်ကုန်များနှင့် ဆေးဝါးထုတ်ကုန်များတင်သွင်းရန် အလားအလာများကို ရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ဟနွိုင်းအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း ကုန်သွယ်မှုစံချိန်တင်ပိုငွေပြမှုအပေါ် အမေရိကန်နိုင်ငံ၏ စည်းကြပ်မည့်အခွန်အခများမှ ရှောင်ရှားရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကုန်သွယ်မှုပိုငွေပြခြင်းကြောင့် ဗီယက်နမ်အနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရန်၏ အပြန်အလှန်အခွန်စည်းကြပ်မှုခံရဖွယ်ရှိနေကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအား စမ်းသပ်ကာလတစ်ရပ်အနေဖြင့် စတားလင့်ခ်အင်တာနက်ဝန်ဆောင်မှုများကို လိုင်စင်အလျင်အမြန်ချပေးရန်ညွှန်ကြားထား‌ကြောင်း အစိုးရဝက်ဘ်ဆိုဒ်များတွင် Chinh နှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများ ဆွေးနွေးမှုအကြောင်းအရာကို သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားပါသည်။

ဗီယက်နမ်ပါလီမန်သည် အီလွန်မက်စ်၏ဒေသတွင်းထိန်းချုပ်မှုအပြည့်ရှိသည့် Starlink ကဲ့သို့သော ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုပေးသူများကို လည်ပတ်ခွင့်ပြုသည့်ယာယီအစီအစဉ်ကို ဖေဖော်ဝါရီလတွင် အတည်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: https://www.reuters.com/world/asia-pacific/Vietnam

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News