International News

အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးတွင် 1 ရူပီးရင်းနှီးမြှုပ်နှံမှုသည် အမြတ်အစွန်းအဖြစ် 13 ရူပီး ပြန်ရရှိနိုင်သည်ဟု NAAS အကြီးအကဲကပြောကြား

Last Updated:

အမျိုးသားစိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ(National Academy of Agricultural Sciences-NAAS)၏ ဥက္ကဋ္ဌဖြစ်သူ Himanshu Pathak က အသစ်ဖွဲ့စည်းထားသော အိန္ဒိယအစိုးရ၏ရက် ၁၀၀ အစီအစဉ်တွင် ရေးဆွဲထားသည့်အတိုင်း အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးသုတေသနနှင့်ပညာရေးစနစ်အား အဓိကပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း၊ အိန္ဒိယစိုက်ပျိုးရေးအတွက် မျှော်မှန်းချက်သည်"ကမ္ဘာ့ပြိုင်ဆိုင်နိုင်မှုနှင့်ရေရှည်တည်တံ့သောလယ်ယာစိုက်ပျိုးရေး" ဖြစ်သင့်သည်ဟု အလေးပေးပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

Pathak က စိုက်ပျိုးရေးသုတေသနရင်းနှီးမြုပ်နှံမှုများတွင် ကြီးမားသောအမြတ်အစွန်းများကို မီးမောင်းထိုးပြပြီး "သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှု ၁ ရူပီးအတွက် ပြန်လည်ရရှိမည့်အကျိုးအမြတ်မှာ 13 ရူပီးရှိကြောင်း၊ မွေးမြူရေးကဏ္ဍတွင်အမြတ်မှာ ပို၍များကြောင်း ပြောကြားထားသည်။

Indian Council of Agricultural Research (ICAR)၏ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သည့် NAAS ဥက္ကဋ္ဌက အမျိုးအစားများပြောင်းလဲထုတ်လုပ်နိုင်မှုတွင်ကန့်သတ်ချက်ရှိခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှုနည်းပါးခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ သဘာဝအရင်းအမြစ်များလျော့နည်းလာခြင်း၊ ပိုးမွှားနှင့် ရောဂါများတိုးလာခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် စျေးကွက်များမတည်ငြိမ်မှုနှင့် ပိုမိုဆိုးရွားလာမှုအခြေအနေများအပါအဝင် လယ်ယာကဏ္ဍတွင် အဟန့်အတားများစွာရှိကြောင်း၊ အကျိုးဆက်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍအား မှီခိုဆောင်ရွက်သူဦးရေနည်းပါးသွားသကဲ့သို့ နိုင်ငံ၏ဂျီဒီပီတွင်ပါဝင်မှုသည်လည်း ၁၉.၂ ရာခိုင်နှုန်းအထိကျဆင်းသွားပါကြောင်း၊ ထို့ကြောင့် အကျိုးသက်ရောက်မှုမြင့်မားသောကဏ္ဍများ၊ ကွဲပြားခြားနားသည့် စိုက်ပျိုးရေးနည်းစနစ်များကို သုတေသနပြုရန်၊ ရာသီဥတုဒဏ်ခံနိုင်သော မျိုးကွဲများကိုအလေးထားဆောင်ရွက်ရန်၊ ရာသီဥတုဖောက်ပြန်မှုကိုတိုက်ဖျက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်နှင့် အခြားရွေးချယ်စရာနည်းပညာများပေါင်းစပ်အသုံးပြုရန် လိုအပ်သည်ဟု ပြောကြားထားသည်။

ထိုပြင် Pathak က ရိတ်သိမ်းပြီးနောက်ပိုင်း ဆုံးရှုံးမှုများကို ဖြေရှင်းပေးရန်နှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုများကို မြှင့်တင်ရန်အတွက်လည်း တွန်းအားပေးခဲ့ပြီး ယင်းရည်မှန်းချက်များအောင်မြင်ရန် သတင်းအချက်အလက်နည်းပညာ(ICT)၊ဉာဏ်ရည်တုနည်းပညာ(AI)၊ ပထဝီဆိုင်ရာသတင်းအချက်အလက်စနစ်(GIS)နှင့် မျိုးစေ့ရင်းမြစ်များပေါင်းစပ် ပြုပြင်ခြင်း(genome editing)ကဲ့သို့သော နည်းပညာရပ်များကို အသုံးပြုရန် အကြံပြုခဲ့သည်။

ဝင်ငွေကောင်းမွန်ပြီး မိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှုများလွယ်ကူချောမွေ့စေခြင်းနှင့်ရန်ပုံငွေနှင့်အရည်အသွေးပြည့်ဝသော လူစွမ်းအားအရင်းအမြစ်များတိုးမြှင့်ခြင်းတို့နှင့်အတူ အရည်အသွေးကောင်းမွန်ပြီး သဘာဝနှင့်လိုက်လျောညီထွေရှိသည့် အစားအစာများအတွက် ၀ယ်လိုအားမြင့်တက်ရန်လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားထားသည်။ အိန္ဒိယအစိုးရသည် လယ်ယာကဏ္ဍအတွက် ရည်မှန်းချက် 2047 ကိုချမှတ်ထားပြီး ယင်းကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ချမှတ်ထားပြီးဖြစ်ပါသည်။

Source: 1 rupee investment in agri R&D can fetch Rs 13 return, says NAAS chief, The Economic Times, 6 June, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News