ပါကစ္စတန်နိုင်ငံမှ တရုတ်နိုင်ငံသို့ အသားတင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် သိသိသာသာ မြင့်တက်လာပြီး အရည်အသွေးမြင့်ဟာလာလ်အသားအတွက် ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ဈေးကွက်ဝင်ရောက်ခွင့်သဘောတူညီချက်များကြောင့် ကုန်သွယ်မှုခိုင်မာလာခြင်းကို ထင်ဟပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အကောက် ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အသားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၁၄.၃၂)သန်းကျော်သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် (၂၃၉)ရာခိုင်နှုန်းတိုးလာကြောင်း၊ယင်းတိုးတက်မှုသည် ပါကစ္စတန်၏ပြုပြင်ထုတ်လုပ်ထားသောအရည် သွေးမြင့်အသားထုတ်ကုန်များအပေါ် တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုမြင့်တက်လာခြင်းကို ပြသလျက်ရှိကြောင်း သိရသည်။
ကျွမ်းကျင်သူများက GACC ၌ မှတ်ပုံတင်ထားသောပို့ကုန်လုပ်ငန်းရှင်များစာရင်းကို ပိုမိုများပြားလာစေရန်ဆောင်ရွက်ခြင်း၊ အအေးခန်းထောက်ပံ့ပို့ဆောင်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် တရုတ်အစားအစာဘေးကင်းရေးနှင့် ဟာလာလ်စံနှုန်းများနှင့်ကိုက်ညီသော ပူးတွဲအသားပြုပြင်ထုတ်လုပ်သည့်စက်ရုံများဖွံ့ဖြိုးတိုးတက်စေခြင်းအပါအဝင် ပို့ကုန်မြှင့်တင်ရန် နောက်ထပ်အစီအမံများကိုအကြံပြုထားကြောင်း၊ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးပလက်ဖောင်းများနှင့် လက်လီအရောင်းမိတ်ဖက်များမှတစ်ဆင့် ဈေးကွက်ရှာဖွေခြင်းသည် တရုတ်နိုင်ငံ၏ တိုးတက်လာနေသော ပြည်ပမှတင်သွင်းသည့် အစားအစာဈေးကွက်တွင် ဝယ်လိုအားပိုမိုမြင့်တက်လာစေလိမ့် မည်ဟု မျှော်လင့်ရကြောင်း သိရသည်။
ထိုသို့တိုးတက်လာမှုသည် သန့်ရှင်းမှုနှင့် ပိုးမွှားကင်းစင်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို တင်းကြပ်စွာလိုက်နာမှု၊ နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးပွဲများတွင် ပို့ကုန်မြှင့်တင်ရေးကြိုးပမ်းမှုများနှင့် အသားတင်ပို့မှုအတွက် GACC ခွင့်ပြုချက်များကြောင့်ဖြစ်ကြောင်း၊ ပါကစ္စတန်ကုမ္ပဏီများသည် အကောက်ခွန်ရှင်းလင်းရေးလွယ်ကူချောမွေ့စေသည့် အသိအမှတ်ပြုလက်မှတ်ကို တဖြည်းဖြည်းရရှိခဲ့ပြီး တင်ပို့မှုများကို တသမတ်တည်းဖြစ်စေကာ တရုတ်နိုင်ငံ၏ကွဲပြားသော အသားတင်သွင်းမှုဈေးကွက်တွင် ပါကစ္စတန်မှ အသားများအတွက် ပိုမိုကြီးမားသောဝေစုကို ရယူနိုင်ခဲ့ကြောင်းသိရသည်။
https://thedailycpec.com/pakistan-meat-exports-surge-in-chinese-market/
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)