International News

ယူအေအီးနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ငွေကြေးပေးချေမှုဆိုင်ရာနားလည်မှုစာချွန်လွှာဖြင့် ဘဏ္ဍာရေးဆိုင်ရာဆက်ဆံမှုများ ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်ခဲ့ကြ

Last Updated:

ယူအေအီးဗဟိုဘဏ်၏အုပ်ချုပ်ရေးမှူး Khaled Mohamed Balama နှင့်အင်ဒိုနီးရှားဘဏ်၏အုပ်ချုပ်ရေးမှူး Perry Warjiyo တို့သည် နှစ်နိုင်ငံ ငွေကြေးလွှဲပြောင်းမှုများတွင် ပြည်တွင်းငွေကြေးအသုံးပြုမှုကိုအားပေးသည့် မူဘောင်တစ်ရပ်ကိုထူထောင်ခြင်းဖြင့် နှစ်နိုင်ငံကြားကုန်သွယ်မှုဆက်ဆံရေးများအား တည်ငြိမ်စွာတိုးတက်စေရန်ပံ့ပိုးပေးနိုင်မည့် နားလည်မှုစာချွန်လွှာ(MoU)တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ယူအေအီးနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည် ရေနံမဟုတ်သော ကုန်သွယ်မှုတွင် သိသိသာသာတိုးတက်မှုကိုမြင်တွေ့ခဲ့ရပြီး ၂၀၁၇ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များအကြား AED ၁၆ ဘီလီယံကျော်အထိ နှစ်ဆတိုးတက်လာခဲ့ပါသည်။

အဆိုပါ MoU တွင် သွင်းကုန်လုပ်ငန်းရှင်များနှင့်တင်ပို့သူများအကြား သဘောတူထားသည့်အတိုင်း နိုင်ငံသုံးငွေကြေးနှစ်ခု(ယူအေအီး AED နှင့် အင်ဒိုနီးရှား IDR)တို့၏နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများပြေလည်စေရန် လွယ်ကူချောမွေ့စေမည့်အစိတ်အပိုင်းများနှင့်အစီအမံများပါဝင်သော မူဘောင်များကို သတ်မှတ်ဖော်ပြထားပါသည်။ ၎င်းတွင် အရည်အသွေးပြည့်မီသော အရောင်းအ၀ယ်အမျိုးအစားများကို အကြမ်းဖျင်းဖော်ပြထားပြီး AED-IDR တွင် အကာအကွယ်များနှင့်ငွေဖြစ်လွယ်မှု စီမံခန့်ခွဲမှုဆိုင်ရာလုပ်ဆောင်ချက်များကို ပံ့ပိုးပေးနိုင်မည့်အခြေအနေများကိုလည်း ဖော်ဆောင်ပေးထားကြောင်း ဖော်ပြပါရှိပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည့် အဓိကမှတ်တိုင်တစ်ရပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွင် ငွေပေးငွေယူဆောင်ရွက်ရာ၌ ကုန်ကျစရိတ်များအား လျှော့ချနိုင်မည်ဖြစ်ပါသည်။

ဤသဘောတူညီချက်အရ UAE ဗဟိုဘဏ်နှင့်အင်ဒိုနီးရှားဘဏ်တို့သည် အဆိုပါမူဘောင်ကို ဖြည်းဖြည်းချင်းအကောင်အထည်ဖော်ခြင်းအား ဖြင့် စီးပွားရေးတိုးတက်မှုနှင့်ဘဏ္ဍာရေးတည်ငြိမ်မှုတို့ကို ပံ့ပိုးပေးပြီး ၎င်းနိုင်ငံများ၏အမျိုးသားငွေကြေးအသုံးပြုမှုကိုမြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအပေါ် ယူအေအီးဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Khaled Mohamed Balama က ဤသဘောတူညီချက်သည် နှစ်ဖက်နိုင်ငံများအကြား အနာဂတ်မိတ်ဖက်ဆက်ဆံရေးများ ခိုင်မာအားကောင်းစေရန်အတွက် အခြေခံအချက်များဖြစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာများနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိလာစေရန်နှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် အခြေခံအချက်များဖြစ်ကြောင်းပြောကြားခဲ့ပြီး အင်ဒိုနီးရှားဘဏ်အုပ်ချုပ်ရေးမှူး Perry Warjiyo က ယူအေအီးနှင့်အင်ဒိုနီးရှားနိုင်ငံတို့၏ ဘဏ္ဍာရေးပေါင်းစည်းမှုများကို နက်ရှိုင်းစေရန်အတွက် စီးပွားရေးဆက်ဆံမှုများကို အားကောင်းလာစေမည့် နောက်ထပ်ပူးပေါင်း ဆောင်ရွက်မှုများကို စတင်ဆောင်ရွက်သွားရန် ၎င်းတို့အနေဖြင့် စိတ်အားထက်သန်မိပါကြောင်း၊ ပြည်တွင်းငွေကြေးလွှဲပြောင်းမှုများသည် ဘဏ္ဍာရေးတည်ငြိမ်မှုနှင့်ခံနိုင်ရည်အားကို ပိုမိုပံ့ပိုးပေးမည်ဖြစ်ပြီး မြင့်မားလာနေသော ပြင်ပအားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် ဘဏ္ဍာရေးဆိုင်ရာ စျေးကွက်ကို နက်ရှိုင်းလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News