International News

လာနီနာ(La Nina)ကြောင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း(Indonesian Palm Oil Association)က သတင်းထုတ်ပြန်ထား

Last Updated:

Meteorology, Climatology, and Geophysics Board က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် လာနီနာ(La Nina)ဖြစ်ပေါ်နိုင်ကြောင်း တင်ပြခဲ့ရာ ဆီအုန်းလုပ်ငန်းများအတွက် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ်လာနိုင်သည်ဟု အင်ဒိုနီးရှားစားအုန်းဆီအသင်း(Indonesian Palm Oil Association) က သတင်းထုတ်ပြန်ခဲ့ပါသည်။

La Nina သည် ၃ နှစ်မှ ၅ နှစ်တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ၂ နှစ်ဆက်တိုက်လည်း ဖြစ်ပေါ်လေ့ရှိကြောင်း၊ La Nina ဖြစ်စဉ်မှာ အီကွေတာ-ပစိဖိတ်အရှေ့အလယ်ပိုင်းနှင့် အလယ်ပိုင်းဒေသများရှိ သမုဒ္ဒရာမျက်နှာပြင်အပူချိန်ကျဆင်းသည့်ဖြစ်စဉ်ဖြစ်ပြီး အဆိုပါဖြစ်စဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှ တောင်အမေရိကအနောက်ကမ်းရိုးတမ်းအထိ ဒေသများတွင် ပိုမိုမိုးကြီးနိုင်ကြောင်း ဖော်ပြထားပါသည်။

အင်ဒိုနီးရှားစားအုန်းဆီအသင်းဥက္ကဋ္ဌ Eddy Martono က La Nina ကြောင့် ဆီအုန်းခူးဆွတ်ခြင်း၊ ဆီအုန်းစိုက်ခင်းများမှ ဆီအုန်းအခိုင်များသယ်ယူပို့ဆောင်ခြင်းတို့တွင် ထိခိုက်မှုများရှိနိုင်ကြောင်း၊ အခြေအနေပိုမိုဆိုးရွားပါက စိုက်ခင်းများရေမြုပ်နိုင်ပြီး ထုတ်လုပ်မှုကျဆင်းနိုင်ကြောင်း၊ La Nina ကြောင့် ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီကြမ်း(Crude Palm Oil–CPO)ဈေးနှုန်းမြင့်တက်မှုမရှိနိုင်သော်လည်း ဈေးကွက်သို့ စားအုန်းဆီတင်ပို့မှုလျော့ကျပါက ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း၊ La Nina သည် အင်ဒိုနီးရှားနိုင်ငံအပေါ် သက်ရောက်မှုရှိပါက ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုအပေါ် ဆိုးကျိုးဖြစ်ပေါ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Palm Oil Agribusiness Strategic Policy Institute ၏ အမှုဆောင်ဒါရိုက်တာ Tungkot Sipayung က ပြင်းထန်သည့် La Nina ကြောင့် စိုက်ခင်းများရေမြုပ်ခြင်း၊ ဆီအုန်းခူးဆွတ်ခြင်း၊ ဆီအုန်းစိုက်ခင်းများမှ ဆီအုန်းအခိုင်များသယ်ယူပို့ဆောင်ခြင်းတို့ကို ထိခိုက်မည်ဖြစ်ကြာင်း၊ La Nina နှင့် El Nino တို့၏သက်ရောက်မှုကို လျှော့ချရန် ကာလတို၊ ကာလလတ်ကြိုတင်ပြင်ဆင်မှုများနှင့် El Nino ကာလအတွင်း ရေအသုံးပြုနိုင်ရန် ရေကန်များကြိုတင်ပြင်ဆင်ခြင်း စသည့်ရေစီမံခန့်ခွဲမှုတိုးတက်စေရေးဆောင်ရွက်သင့်ကြောင်း၊ ဝတ်မှုံကူးကာလဖြစ်သည့် အောက်တိုဘာ လမှ ဒီဇင်ဘာလအတွင်း La Nina ဖြစ်စဉ်သည် အလယ်အလတ်ဖြစ်ပွားပါက ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Indonesian Smallholders Association ဥက္ကဋ္ဌ Gulat Manurung က La Nina သည် ၁ လမှ ၃ လအတွင်းဖြစ်ပေါ်မည်ဖြစ်သည့်အတွက် ဆီအုန်းစိုက်ခင်းများမှ ဆီအုန်းအခိုင်များသယ်ယူပို့ဆောင်ခြင်းအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း၊ ရေကြီးခြင်း၊ လမ်းများပျက်စီးခြင်း စသည်တို့ကြောင့် ဆီအုန်းခူးဆွတ်ခြင်းအပေါ်သာ သက်ရောက်နိုင်ကြောင်း၊ စိုက်ပျိုးသူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုအသစ်များနှင့်ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        အင်ဒိုနီးရှားစားအုန်းဆီအသင်း (Indonesian Palm Oil Association)

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News