International News

နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုများပြားလာသည်နှင့်အမျှ ဂျပန်ဟိုတယ်လုပ်ငန်းများအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းများကို ပိုမိုခန့်ထားရန် ဆောင်ရွက်လျက်ရှိ

Last Updated:

နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုများပြားလာခြင်းကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍပြန်လည်အားကောင်းလာပြီး တည်းခိုနေထိုင်သူများ များပြားလာသည်နှင့်အမျှ ဂျပန်ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် လာမည့်နှစ်များအတွင်း နိုင်ငံခြားသားဝန်ထမ်းများ အများအပြားခန့်ထားသွားရန် စီစဉ်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် Tokyu Resorts and Stays အနေဖြင့် လက်ရှိတွင် နိုင်ငံခြားသားဝန်ထမ်း ၁၂၀ ဦးခန့်ထားလျက်ရှိရာမှ ၂၀၃၃ ခုနှစ်တွင် ၅၈၀ ဦးအထိ တိုးမြှင့်ခန့်ထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကုမ္ပဏီ၏စုစုပေါင်းဝန်ထမ်းဦးရေ၏ ၆ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားဝန်ထမ်းများဖြစ်ပြီး၊ နိုင်ငံခြားသားဝန်ထမ်းဦးရေကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခန့်ထားသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် အပန်းဖြေစခန်းနှင့် ဟိုတယ်အသစ်များ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ ဂျပန်နိုင်ငံမှဘွဲ့ရဝန်ထမ်းများကိုသာ ခန့်ထားမည်ဆိုပါက ဝန်ထမ်းလုံလောက်မှုမရှိသည့်အတွက်  နိုင်ငံခြားသားဝန်ထမ်းများကို ခန့်ထားရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။

အဆိုပါနိုင်ငံခြားသားဝန်ထမ်းများခန့်ထားနိုင်ရေးကို ဂျပန်အစိုးရ၏ကျွမ်းကျင်လုပ်သားခေါ်ယူရေး အစီအစဉ်(Specified Skilled Worker Program)အောက်မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ Tokyu Resorts and Stays အနေဖြင့် ယခင်ကလည်း အဆိုပါအစီအစဉ်အောက်မှ  ဖိလစ်ပိုင်နှင့်မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများခေါ်ယူခဲ့ကြောင်းနှင့် အင်ဒိုနီးရှားနှင့်နီပေါနိုင်ငံတို့ကဲ့သို့သော အခြားနိုင်ငံများမှလည်း ခေါ်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသစ်ခေါ်ယူမည့် နိုင်ငံခြားသားဝန်ထမ်းများကို ကုမ္ပဏီ၏စားသောက်ဆိုင်များတွင် စားဖိုမှူးများနှင့် စားပွဲထိုးများအဖြစ် ခန့်ထားသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားဝန်ထမ်းများကို ထိန်းသိမ်းထားနိုင်ရေးအတွက် Tokyu Resorts အနေဖြင့် နာဂနိုပြည်နယ်ရှိ အပန်းဖြေစခန်းတွင် လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများပို့ချပေးနိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများကို  မွမ်းမံပြုပြင်လျက်ရှိကြောင်းနှင့် အားလပ်ချိန်တွင် အသုံးပြုနိုင်ရန်အတွက် အင်တာနက်လည်း တပ်ဆင်ပေးထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် Seibu Prince Hotels Worldwide ကုမ္ပဏီအနေဖြင့်လည်း ၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသားဝန်ထမ်း ၂၀ ရာခိုင်နှုန်းထပ်မံတိုးမြှင့်ခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အချိန်ပြည့်ရာထူးများအတွက် အလုပ်သင် ဝန်ထမ်းများခေါ်ယူနိုင်ရေးလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လစဉ်နေထိုင်စရိတ် ယန်း ၂၀,၀၀၀ အပါအဝင် အကျိုးခံစားခွင့် အများအပြားပေးအပ်သွားမည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် ၂ ကြိမ်နေရပ်သို့ ပြန်နိုင်ရေးအတွက်လည်း ခရီးသွားလာစရိတ်အဖြစ် ယန်း ၁၀၀,၀၀၀ အထိထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းများအား ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုကို သိရှိနားလည်လာစေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် Iwate ပြည်နယ်ရှိ Shizukuishi Prince Hotel ၏ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းတွင် ဒေသထွက်ခေါက်ဆွဲဖြစ်သည့် Wanko Soba ပြုလုပ်မှုကို လေ့လာခြင်းနှင့် ဒေသတွင်း၌ ခရီးသွားလာမှုများပြားသည့် နေရာဒေသများသို့ သွားရောက်လည်ပတ်သည့်အစီအစဉ်များ ထည့်သွင်းထားကြောင်း၊ ဟိုတယ်ဝန်ထမ်းများအနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များအား ဟိုတယ်ဝန်ဆောင်မှုများပေးအပ်ခြင်းအပြင် ဒေသတွင်းရှိ ယဉ်ကျေးမှုနှင့် သွားရောက်လည်ပတ်နိုင်သည့် နေရာဒေသများကိုပါ လမ်းညွှန်နိုင်ရန်ရည်ရွယ်၍ သင်တန်းပို့ချရာတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း Shizukuishi Prince Hotel ၏ ကိုယ်စားလှယ်ဖြစ်သူက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ဟိုတယ်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် Fujita Kanko အနေဖြင့် ၂၀၂၈ ခုနှစ်တွင် နိုင်ငံခြားသားဝန်ထမ်းအရေအတွက်ကို ဟိုတယ်၏စုစုပေါင်းဝန်ထမ်းအရေအတွက်၏ ၁၀ ရာခိုင်နှုန်းရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Fujita Kanko အနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလမှစတင်၍ အလုပ်အကိုင်ဗီဇာသက်တမ်းတိုးသည့် ဝန်ထမ်းများအတွက်လည်း ထောက်ပံ့ကြေးအဖြစ် ယန်း ၄၀၀၀ ပေးအပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းကဏ္ဍတွင် ဝန်ထမ်းများအလွန်အမင်းပြတ်လပ်မှုနှင့် ကြုံတွေ့ရလျက်ရှိသော်လည်း၊ ဂျပန်အစိုးရမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဝန်ထမ်းဦးရေ ၃၀,၀၀၀ များပြားခဲ့ပြီး၊ စုစုပေါင်း ၄ သန်းအထိရှိခဲ့သည်ဟု ထုတ်ပြန်ထားကြောင်း၊ သို့သော် ကိုဗစ်-၁၉ မဖြစ်ပွားမီကာလက ရှိခဲ့သည့် ဝန်ထမ်းဦးရေ ၄.၂၁ သန်းထက် လျော့နည်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ၂၀၂၄ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းတိုးတက်ကာ ၃၄.၅ သန်းအထိရှိနိုင်ကြောင်းလည်း အိမ်ရာတည်ဆောက်သူ Mori Trust က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

အချို့သောနိုင်ငံခြားသားဝန်ထမ်းများအနေဖြင့် ဟိုတယ်လုပ်ငန်းကဏ္ဍသို့ဝင်ရောက်ရန်အတွက် စာမေးပွဲဖြေဆိုရာ၌လိုအပ်သည့်အရည်အချင်းများပြည့်မီရန်အတွက် စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဂျပန်အစိုးရအနေဖြင့် Specified Skilled Worker Program အောက်ရှိ ဟိုတယ်ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို ပြန်လည်သုံးသပ်သင့်ကြောင်း Japan Travel and Tourism Association က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အကြံပြုတင်ပြခဲ့ကြောင်း ဖော်ပြထားပါသည်။

ဟိုတယ်နှင့်စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် လစဉ်ပျမ်းမျှလုပ်ခလစာမှာ ၂၀၂၃ ခုနှစ်တွင် ၂၅၉,၀၀၀ ယန်းရှိခဲ့ပြီး၊ လုပ်ငန်းကဏ္ဍအားလုံးတွင်လစာအနည်းဆုံးဖြစ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ထုတ်ပြန်ချက် အရ သိရှိရကြောင်း ဖော်ပြထားပါသည်။ The Japan Federation of Service and Tourism Industries Workers’ Unions အနေဖြင့် အသက် ၃၅ နှစ်အရွယ်ရှိ ဝန်ထမ်းတစ်ဦး၏ နှစ်စဉ်ပျမ်းမျှလစာကို ၅.၅ သန်းရှိစေရေး ကာလလတ်ရည်မှန်းချက်အနေဖြင့် ချမှတ်ထားသော်လည်း အဆိုပါရည်မှန်းချက်ကိုပြည့်မီနိုင်ရေး အလှမ်းကွာဝေးလျက်ရှိဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News