၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ရုရှားနိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၄.၃ ဘီလီယံအထိရှိကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှုဌာန(Federal Customs Service-FCS)၏ အချက်အလက်များအရ သိရှိရသည်။
အစီရင်ခံကာလတွင် ပို့ကုန်ပမာဏသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇၂.၁ ဘီလီယံ(ယခင်နှစ်ကာလတူထက် ၀.၆ ရာခိုင်နှုန်းလျော့ကျ)ရှိပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၀၇.၈ ဘီလီယံ(ယခင်နှစ်ကာလတူထက် ၈.၅ ရာခိုင်နှုန်းလျော့ကျ)ရှိသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ရုရှား၏နိုင်ငံခြားကုန်သွယ်မှုပိုငွေမှာ ၅၅.၃ ဘီလီယံရှိပြီး ယင်းတို့အနက် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၇၃.၁ ဘီလီယံရှိပြီး သွင်းကုန်မှာ ဒေါ်လာ ၁၁၇.၈ ဘီလီယံရှိသည်။
ဥရောပနိုင်ငံများသို့တင်ပို့မှုသည် တန်ဖိုးဒေါ်လာ ၂၆ ဘီလီယံသို့ ၃၇.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၂၈.၅ ဘီလီယံသို့ ၁၆.၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အာရှနိုင်ငံများသို့ ရုရှား၏တင်ပို့မှုသည် ဒေါ်လာ ၁၃၀.၄ ဘီလီယံသို့ ၁၀.၁ ရာခိုင်နှုန်းတိုးလာခဲ့သော်လည်း တင်သွင်းမှုသည် ဒေါ်လာ ၇၁.၈ ဘီလီယံသို့ ၄.၁၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
အာဖရိကနိုင်ငံများသို့ တင်ပို့မှုမှာ ဒေါ်လာ ၉.၉ ဘီလီယံသို့ ၂၁.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တင်သွင်းမှုမှာ ဒေါ်လာ ၁.၅ ဘီလီယံရှိကာ ၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ မြောက်နှင့်တောင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုသည် ဒေါ်လာ ၅.၇ ဘီလီယံသို့ ၁၅.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၅.၈ ဘီလီယံသို့ ၁၇.၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ရုရှား၏အဓိကပို့ကုန်မှာ လောင်စာဆီနှင့်စွမ်းအင်ကဏ္ဍထုတ်ကုန်၊ သတ္တုနှင့် သတ္တုထုတ်ကုန်၊ စားသောက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ပြီး အဓိကသွင်းကုန်မှာ စက်ယန္တရား၊ စက်ကိရိယာ၊ မော်တော်ယာဉ်၊ ဓာတုဗေဒလုပ်ငန်းသုံးထုတ်ကုန်များနှင့် စားသောက်ကုန်နှင့်စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ပါသည်။
Source : https://www.interfax.ru/business/969997
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)